ယင်းမာပင်မြို့နယ်တွင် ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားတစ်ဦး ထွက်ပြေးသဖြင့် ပစ်ခတ်ခံရကာ သေဆုံး

ယင်းမာပင်မြို့နယ်တွင် ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားတစ်ဦး ထွက်ပြေးသဖြင့် ပစ်ခတ်ခံရကာ သေဆုံး
စက်တင်ဘာ 11, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စည်သူသစ်ကွင်းအနီးတွင် စစ်ကောင်စီတပ်မှ တပ်သားတစ်ဦးအား ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၁)ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း ULFတပ်ပေါင်းစုထံမှ သိရသည်။

စစ်ကောင်စီတပ်ဘက်မှ စုံစမ်းထောက်လှမ်းရန် လွှတ်လိုက်သည့် တပ်သားတစ်ဦးအား ဒေသကာကွယ်ရေးတပ်များဖြစ်သည့် ULF၊ ချိုမိုင်မိုင် တော်လှန်ရေးအင်အားစုနှင့် မဟာမိတ် Peacock Brother Local PDFတို့၏ စုံစမ်းထောက်လှမ်းရေး ရဲဘော်များနှင့်တွေ့ကာ ဖမ်းဆီးရမိခဲ့စဉ် ၎င်းစစ်ကောင်စီတပ်သားမှာ ထွက်ပြေးသွားသောကြောင့် ပစ်ခတ်ဖမ်းစီးခဲ့ရသည်ဟု ဆိုသည်။ 

ပြီးခဲ့သည့် စက်တင်ဘာလ (၆)ရက်နေ့ကလည်း ယင်းမာပင်မြို့နယ်၊ စည်သူသစ်ကွင်းတွင် သစ်ခိုးထုတ်နေသော အင်အား(၁၀၀)ပါသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ULF(တပ်ပေါင်းစု)တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိကာ စစ်ကောင်စီ တပ်သားများ၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အထိနာသည့် စစ်ကောင်စီတပ်ဖွဲ့အား အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ လက်နက်ကြီးဖြင့် (၄)ကြိမ် ပစ်ကူပေးခဲ့ရာ ULF(မဟာမိတ်တပ်ပေါင်းစု)မှ  ရဲဘော်(၆)ဦး အသက်အန္တရာယ်(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ 

အဆိုပါတိုက်ပွဲမှ စစ်ကောင်စီတပ်၏ MA (1) နှစ်လက်၊ MA (2) တစ်လက်၊ (၅.၅၆)ကျည် (၄၀၀)တောင့်၊ ကျည်ဘောက် (၁၇)ခု၊ Icon တစ်လုံးနှင့် ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency