ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို တာဝေးပစ်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်

ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို တာဝေးပစ်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီတပ်များ၏ အင်ပင်ဂိတ်စခန်း၊ အရှေ့ဘုန်းကန်ရွာပျူစောထီးစခန်းနှင့် ပခုက္ကူမြို့ တပ်မ(၁၀၁)အား ၂၀၂၃ခုနှစ် ဩဂုတ်လ (၈)ရက်နေ့က တာဝေးပစ်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ 

၎င်းစစ်ကောင်စီတပ်စခန်းများကို ၈၈၈၈ အရေးတော်ပုံ (၃၅)နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် Pakokku Special Guerrilla Force-PSGF (ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ)၊ Dragon Force၊ ကျေးလက်ဒေသ ပြောက်ကျားတပ်ဖွဲ့၊ BRR-PDF၊ သူရိန်တပ်ဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် တပ်မ(၁၀၁)အတွင်းသို့ တာဝေးပစ်ဒုံး(၅)လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိကာ အရှေ့ဘုန်းကန်ရွာ ပျူစောထီးစခန်း အတွင်းသို့(၄)လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် ကင်းရွာအထိ လာရောက်ပြန်လည်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက် အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo :ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ