မုံရွာမြို့မှ ထွက်လာသည့် စစ်ကောင်စီ Jammer ကား ၅ စီးပါ တွဲကားယာဉ်တန်း ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရ

မုံရွာမြို့မှ ထွက်လာသည့် စစ်ကောင်စီ Jammer ကား ၅ စီးပါ တွဲကားယာဉ်တန်း ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း မုံရွာမြို့အတွင်းမှ ထွက်လာသည့် စစ်ကောင်စီ Jammer ကား (၅)စီးပါရှိသည့် တွဲကားယာဉ်တန်းအား ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ကြောင်း မုံရွာခရိုင် အမှတ် (၁၁) တပ်ရင်း People's Defence Force-South Monywa အဖွဲ့က ယနေ့  ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၉) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မုံရွာမြို့ထဲမှ ထွက်လာသည့် စစ်ကောင်စီတွဲကား (၄၇) စီးနှင့် Jammer ကား (၅) စီး ပါရှိသည့် ယာဉ်တန်းအား နိုဝင်ဘာလ (၈)ရက်နေ့ နေ့လယ် (၁၂)နာရီခန့်တွင် ချောင်းဦးမြို့နယ် နတ်ရေကန်နှင့် ရေပိုးစားကြား၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ပဒေသာမိုင်း (၃)လုံးတွဲ (၂)ပွိုင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုသည် စစ်ကောင်စီယာဉ်တန်းအနက် (၅)စီးမြောက်နှင့် (၆)စီးမြောက် လိုက်ပါလာသည့် တွဲကား (၂)စီးအား ထိမှန်ခဲ့ပြီး အဆိုပါကား (၂) စီးလုံး ရပ်တန့်သွားခဲ့ကာ အနီးအနားတွင် ကင်းပုန်းဝတ်နေသည့် စစ်ကောင်စီတပ်သားများနှင့် ကားပေါ်ပါ တပ်ဖွဲ့ဝင်များမှ လမ်းဘေးဝဲယာသို့ လက်နက်ငယ်များဖြင့် တရစပ် ရမ်းသန်းပစ်ခတ်မှုများ ဆောင်ရွက်ခဲ့ကြောင်း People's Defence Force - South Monywa အဖွဲ့က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား မုံရွာခရိုင် အမှတ် (၁၁)တပ်ရင်း People's Defence Force - South Monywa ၊ နွေဦးလူငယ် People's Defence Force ၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Pentagram၊ Venom Revolution Force ၊ Myinmu Local Defence Force ၊ Shining Star Local  Defense Force နှင့် မြန်မာအစ္စလာမ်အထူး ကွန်မန်ဒိုတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: စစ်ကောင်စီယာဥ်တန်းကိုတွေ့ရစဥ် (ပုံဟောင်း)