နွေဦးတော်လှန်ရေးအမြန်ဆုံး အောင်မြင်ပြီးမြောက်စေရန် နိုင်ငံတဝန်းရှိ EROs များနှင့် ပိုမိုရင်းနှီးပွင့်လင်းစွာ ပူးပေါင်းဆောင်ရွက်၍ အစွမ်းကုန်ကြိုးစားနေကြောင်း NUG ဆို 

နွေဦးတော်လှန်ရေးအမြန်ဆုံး အောင်မြင်ပြီးမြောက်စေရန် နိုင်ငံတဝန်းရှိ EROs များနှင့် ပိုမိုရင်းနှီးပွင့်လင်းစွာ ပူးပေါင်းဆောင်ရွက်၍ အစွမ်းကုန်ကြိုးစားနေကြောင်း NUG ဆို 
ဇူလိုင် 7, 2024 | 2021 Military Coup

စစ်အာဏာရှင်ဖြုတ်ချရေး ပြည်သူ့နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်ပြီးမြောက်စေရန် နိုင်ငံတဝန်းရှိ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ (EROs) များနှင့် ယခင်ကထက် ပိုမိုရင်းနှီး ပွင့်လင်းစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အောင်ပွဲဆွတ်ခူးနိုင်ရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ(၇)ရက်နေ့တွင် ကျရောက်သည့် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံနေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့သည်။

ယနေ့ ဇူလိုင်လ (၇) ရက်နေ့တွင် ကျရောက်သည့် (၆၂) နှစ်မြောက် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံနေ့တွင် ခေတ်ဆက်ဆက် စစ်အာဏာရှင်တော်လှန်ရေးအတွက် အသက်၊ သွေး၊ ချွေး စတေး ပေးဆပ်ခဲ့ကြသည့် ကျောင်းသားလူငယ်များကို အလေးအမြတ်ပြု ဦးညွှတ်အပ်ပါကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှ ဆိုသည်။

၁၉၆၂ ခုနှစ် မတ်လ (၂)ရက်နေ့မှစ၍ စစ်ခေါင်းဆောင် အာဏာရှင်နေဝင်း ဦးဆောင်သော စစ်အုပ်စုက လူထုရွေးကောက်တင်မြှောက်ထားသည့် အစိုးရအား လက်နက်အားကိုးဖြင့် ဖြုတ်ချခြင်း၊ တက္ကသိုလ်အက်ဥပဒေကို ဖျက်သိမ်း၍ ကျောင်းသားများကို ဖိနှိပ်ချုပ်ချယ်ခြင်း၊ ရန်ကုန်တက္ကသိုလ်နယ်မြေအတွင်း သန္ဓေတည်ခဲ့သည့် ကျောင်းသားသမဂ္ဂအဆောက်အဦးအား ဗုံးခွဲ ဖြိုချ ဖျက်ဆီးခြင်းများကို ရက်ရက်စက်စက် ကျူးလွန် လုပ်ဆောင်ခဲ့ကြကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှ ဆိုသည်။

လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်းနှင့် ဓမ္မတရားတို့အတွက် အစဉ်အမြဲအသင့်ရှိကာ အနိုင်ကျင့် ဖိနှိပ်မှုများကို ရဲရဲဝံ့ဝံ့ တော်လှန်ခဲ့ကြသည့် ကျောင်းသားလူငယ်များ၏ အခန်းကဏ္ဍအား မှေးမှိန်စေရန် ခေတ်အဆက်ဆက် စစ်အာဏာရှင်များက လုပ်ဆောင်ခဲ့ကြသော်လည်း “သမဂ္ဂအဆောက်အဦးကိုသာ ဖြိုလို့ရမယ်။ အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကိုတော့ ဘယ်သူမှ ဖြိုလို့မရပါဘူး” ဟူသည့် သခင်ကိုယ်တော်မှိုင်းပြောကြားခဲ့သော စကားအတိုင်း  ကျောင်းသားလူငယ်တို့၏ သမဂ္ဂစိတ်ဓာတ်သည် ယနေ့တိုင် သမိုင်းတွင်ရှင်သန်ဆဲ ဖြစ်ကြောင်း ဆိုသည်။

ယခု ၂၀၂၁ ခုနှစ် ပြည်သူ့နွေဦးတော်လှန်ရေးတွင်လည်း မင်းအောင်လှိုင်ဦးဆောင်သော စစ်အုပ်စုသည် လူထုရွေးကောက်တင်မြှောက်ထားသည့် အစိုးရထံမှ အတင်းအဓမ္မ အာဏာလုယူရန်ကြိုးစားကာ နိုင်ငံအနှံ့ အရပ်သားပြည်သူများကို သတ်ဖြတ်ခြင်း ၊ အိုးအိမ်များအား မီးရှို့ခြင်းဖြင့် သမိုင်းတလျှောက် အရက်စက်ဆုံးသော ဖက်ဆစ်သရုပ်ကို ဖော်ညွှန်းနေသည့်ကာလတွင်လည်း ကျောင်းသားလူငယ်ထုသည် သမဂ္ဂစိတ်ဓာတ်ဖြင့် အချိန်မဆိုင်းပဲ ပြည်သူလူထုနှင့်အတူ ရှေ့တန်းမှ ရုန်းကန်တော်လှန်ခဲ့ကြကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှဆိုသည်။



ထိုကဲ့သို့ မျိုးဆက်သစ် ကျောင်းသား လူငယ်များ၏ စုစည်းညီညွတ်မှု၊ တီထွင်ဆန်းသစ်နိုင်မှုတို့အပြင် တိုင်းရင်းသား မဟာမိတ် တော်လှန်ရေး အင်အားစုတို့နှင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နိုင်မှုတို့ကြောင့် ရက်စက်ကြမ်းကြုတ်သည့် ဖက်ဆစ်ဝါဒ ပြန်လည်အသက်သွင်းနေသော စစ်အုပ်စုယန္တရား တဖြည်းဖြည်း ယိုယွင်းပျက်စီးလာနေပြီဖြစ်ကြောင်း ဆိုသည်။

နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်ပြီးမြောက်စေရန် နိုင်ငံတဝန်းရှိ EROsများနှင့် ပိုမိုရင်းနှီးပွင့်လင်းစွာ ပူးပေါင်းရွက်၍ အစွမ်းကုန်ကြိုးစားဆောင်ရွက်နေပြီး  ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးတွင် ကျဆုံးခဲ့ရသည့် ကျောင်းသားလူငယ်များ၏ စွန့်လွှတ် အနစ်နာခံမှုများကို အောက်မေ့သတိရလျက်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှ ဆိုသည်။

#TachileikNewsAgency

Photo:NUG