ဝေါမြိုနယ် X-Ray ဂိတ်တွင် ပစ္စတိုသေနတ် ၁၆ လက်ယူဆောင်လာသူကို စစ်ကောင်စီ ဖမ်းဆီး

ဝေါမြိုနယ် X-Ray ဂိတ်တွင် ပစ္စတိုသေနတ် ၁၆ လက်ယူဆောင်လာသူကို စစ်ကောင်စီ ဖမ်းဆီး

ပဲခူးတိုင်း ဝေါမြိုနယ် ဗျူဟာလမ်းဆုံအနီး X-Ray ဂိတ်တွင် ပစ္စတိုသေနတ် (၁၆)လက် ယူဆောင်လာသူတစ်ဦးကို စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၃)ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း တပ်တွင်းသတင်းအရင်းအမြစ်ထံမှ သိရသည်။

မော်လမြိုင်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်မှန်လုံယာဉ်အား စစ်ကောင်စီတပ်က ရှာဖွေစစ်ဆေးရာ ယာဥ်ပေါ်ပါ ခရီးသည် ကိုကိုနိုင်(ခ)ကိုနိုင်(၃၂)နှစ် ထံမှ အဆိုပါလက်နက်များကို ဖမ်းဆီးရမိသွားခြင်းဖြစ်ကြောင်း သိရသည်။

“ခရီးသည်ဆီကရတာ။ X-Ray ဂိတ်ရောက်ရင် ခရီးသည်တွေအကုန်လုံး လမ်းဆင်း လျှောက်ရတယ်။ သူက အဲဒီလိုဆင်းမလျှောက်ဘဲ တစ်နေရာကနေသွားတာ အဲဒါကို မသင်္ကာလို့ဆိုပြီး ခေါ်စစ်လိုက်တာ သူ့ဆီမှာ အတို(၁၆)လက် ဖမ်းမိသွားတာ။ သူက ဘယ်အဖွဲ့ကလည်းဆိုတာတော့ မသိရသေးဘူး။”ဟု တပ်တွင်းသတင်းအရင်းအမြစ်က Tachielik News Agency ကိုပြောသည်။

၎င်းမှာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ လပြည့်(၁)ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကမူ ၎င်းထိုင်ခုံရှေ့ ခြေထောက်နှစ်ဖက်ကြားတွင် ညှပ်ထားသည့် Sport တံဆိပ်ပါ အနက်ရောင် ကျောပိုးအအတွင်းမှ ခဲစက္ကူများဖြင့် ပတ်ထားသော ပစ္စတိုသေနတ် (၁၆)လက် (အမျိုးအစားစိစစ်ဆဲ)၊ ၎င်းကျည်အိမ် (၃၂)ခု၊ 9mm Luger ကျည်(၃၉ဝ)တောင့်၊ 380 Auto ကျည် (၁၄ဝ)တောင့်တို့ကို ဖမ်းဆီးရမိသည်ဟု ဖော်ပြသည်။

#TachileikNewsAgency