ဇူလိုင်လ(၁၉)ရက်နေ့သည် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးသွားသည့် ခေါင်းဆောင်ကြီး(၉)ဦး တို့ကို အမှတ်ရစေရန် အမြဲပြုလုပ်သည့် အာဇာနည်နေ့ဖြစ်သော်လည်း ထိုနေ့တွင် အောက်မေ့ဖွယ် အာဇာနည်နေ့ လှုပ်ရှားမှုအဖြစ် ထောင်တွင်း၌ လုပ်ဆောင်ခဲ့ကြသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် ရက်ရှည် တိုက်ပိတ်ညှင်းပန်းနှိပ်စက်သည့် ထောင်တွင်း အကြမ်းဖက်မှု သာယာဝတီထောင်တွင် ဖြစ်ပွားခဲ့သည်။
၂၀၂၃ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့က အယောင်ပြ ပြုလုပ်သည့် အာဇာနည်နေ့ အခမ်းအနားတစ်ခုကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူများအပေါ် ရသေ့စိတ်ဖြေသဘောဖြင့် ပြုလုပ် ပြခဲ့သည်။
သို့သော် ထိုအခမ်းအနားကို ၎င်းကိုယ်တိုင် အာဇာနည်ခေါင်းဆောင်ကြီးများအား တလေးတစား လာရောက် ဂါဝရပြုခြင်း မပြုလုပ်ခဲ့ဘဲ ၎င်းထက် အဆင့် နိမ့်ပါးသည့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းကိုသာ စေလွှတ်ခဲ့သည်။
စစ်အာဏာရှင် မင်းအောင်လှိုင်သည် ပြည်သူကို လွတ်လပ်ခွင့်ပြုသည့် ထင်ယောင်ထင်မှားဖြစ်စေမည့် နိုင်ငံရေးလှည့်ကွက် အသုံးပြုထားသော်လည်း တစ်ဘက်တွင်မူ အာဇာနည်နေ့အခမ်းအနားပြုလုပ်သည့် ၎င်းအားဆန့်ကျင်သူများကို ရိုက်နှက်နှိပ်ကွက်နေသည်ကို အများပြည်သူများက သတိမထားမိခဲ့ကြချေ။
ယင်းနေ့တွင် ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်၌ နွေဦးတော်လှန်ရေးအတွင်း ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများက အာဇာနည်နေ့အခမ်းအနားကို ရင်ဘတ်တွင် ဖဲကြိုးအနက်ရောင် တပ်ဆင်သည့် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။
အဆိုပါနေ့မှ စတင်ကာ ၂၀၂၃ခုနှစ် ဩဂုတ်လ(၃)ရက်နေ့အထိ လှုပ်ရှားမှုတွင် ပါဝင်သူများအား စစ်အာဏာရှင်လက်ပါးစေ ထောင်စောင့်များက အကျဉ်းသား(၁၆)ဦးနှင့် အကျဉ်းသူ(၁၅)ဦးတို့ကို တိုက်ပိတ်ကာ ရိုက်နှက်နေခြင်းဖြစ်သည်။
“တိုက်ထဲဝင်တာနဲ့ ခေါင်းငုံ့ထားဆိုပြီး ရိုက်တာပဲ။ တိုက်ထဲအထိ လိုက်ရိုက်တာ။ တိုက်ထဲလည်းရောက်သွားရော သတိလစ်သွားတယ်။”ဟု သာယာတီထောင်တွင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
စစ်အာဏာရှင်လက်ပါးစေများက အကျဉ်းသား ကိုသန်းတိုးအောင်ကို ထောင်တွင်း အာဇာနည်နေ့အခမ်းအနားအတွက် လှုပ်ရှားမှု၏ ခေါင်းဆောင်ဟု ဆိုကာ အင်းကန်ဓမ္မာရုံသို့ ခေါ်ထုတ်ပြီး ရိုက်နှက်ခဲ့ကြရာ ထောင်တွင်းနီးစပ်သူ တစ်ဦး၏ ပြောပြချက်အရ ဦးခေါင်းသွေးခဲဒဏ်ရာဖြစ်ပြီး ဆေးရုံသို့အရေးပေါ်ပို့ဆောင်လိုက်ရသည်ဟု ဆိုသည်။
“အဲဒီနေ့ပဲ သန်းတိုးအောင်ကို ဆေးရုံတင်လိုက်ရတယ်။ ဆေးရုံတင်လိုက်ရပြီး နောက်နေ့ကျ သတိမရတော့ဘူး။ အဲဒီမှာ သတိလည်းပြန်ရရော ပုံစံထုတ်မောင်းတယ်။ မောင်းလဲ မောင်းပြီးရော တိုက်ထဲပြန်သွင်းတယ်။ သွင်းတဲ့အချိန်မှာပဲ အရေးပေါ်ဆိုပြီး တန်းပြီးခေါ်သွားတယ်။”ဟု ၎င်းကဆက်ပြောသည်။
ထောင်စောင့်များက သစ်သားတုတ်များဖြင့် ရိုက်နှက်ခဲ့ကြရာ ရိုက်နှက်ခံရသည့်အထဲတွင် စစ်တပ်မှ CDM လုပ်လာသည့် ဗိုလ်ကြီးတစ်ဦးလည်း အပါအဝင်ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား (၅)ဦး ဒဏ်ရာရပြီး ကိုသန်းတိုးအောင်မှာမူ ဩဂုတ်လ(၄)ရက်နေ့အထိ သတိကောင်းကောင်းမရသေးဟု ဆိုသည်။
ကိုသန်းတိုးအောင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် လူငယ်လုပ်ငန်းအဖွဲ့မှ စည်းရုံးရေးမှူးဖြစ်သည်ဟု သိရသည်။
ဖဲကြိုးနက်လှုပ်ရှားမှုကြောင့် တိုက်ပိတ်ခံရသူများမှာ ကိုသန်းတိုးအောင်၊ ကိုရန်နိုင်စိုး၊ ဦးလှစိုး၊ စုတ်ဖွားကြီး(အမည်အရင်းမသိရှိရသေးပါ)၊ ကိုဇွဲ(ခေါ်) ကိုခင်မောင်ကျော်၊ CDM ဗိုလ်ကြီးတစ်ဦး၊ လက်ပံတန်းမြို့မှ နိုင်ကျဉ်းအမျိုးသားတစ်ဦး၊ မနှင်းလဲ့နန္ဒာလွင်၊ မရွှန်းအိဖြူ၊ မနီလာစိမ်း၊ မဆုရည်ပိုင်၊ မဝတ်ရည်လွင်၊ မအေးသီတာကျော်၊ မရီရီဆွေ၊ မလွင်လွင်ညွန့် (ခ) အားဂျာ၊ မစန္ဒီညွန့်ဝင်း၊ မအေးသက်စံ၊ မရွှေရည်ညွန့် (ခ)သဲသဲ၊ မယမင်းထက်၊ မထူးထက်ထက်ဝေ၊ မမျိုးသန္တာထွန်း၊ မမိုးမြတ်သဇင်နှင့် ကျန် အမည်မသိရှိရသေးသူ (၉)ဦးတို့ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ညှဥ်းပန်းနှိပ်စက်မှုများသည် သာယာဝတီထောင်တွင်မက အခြားသော အကျဉ်းထောင်များတွင်လည်း လူအခွင့်အရေးချိုးဖောက်မှုများနှင့် ညှဥ်းပန်းနှိပ်စက်မှုများစွာကို နိုင်ငံရေးအကျဉ်းသားများမှာ နေ့စဉ်ရင်ဆိုင်နေရသည်ဟု ထောင်တွင်းမှ ပြန်လွတ်လာသူများက ပြောသည်။
ထောင်တွင်းအကြမ်းဖက်မှုများကြောင့် ပြီးခဲ့သည့် ဇွန်လ (၂၇)ရက်နေ့ကလည်း ဒိုက်ဦး (ကျိုက်ဇကော) ထောင်မှ နိုင်ငံရေးအကျဉ်းသား (၃၇)ဦး ပျောက်ဆုံးနေခဲ့ပြီး ယင်းအထဲမှ (၈)ဦးမှာ သေဆုံးသွားခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ဇူလိုင်လ(၁၉)ရက်နေ့က ဖော်ပြခဲ့သေးသည်။
သေဆုံးခဲ့ရသူများမှာ ကိုခန့်လင်းနိုင်၊ ကိုပြည့်ဖြိုးဟိန်း၊ ကိုရာလေး (ခ) ဇင်မြင့်ထွန်း၊ ကိုဂျာကြီး (ခ) ကိုဝေယံလွင်၊ ကိုဇင်ဝင်းထွဋ် (ခ) ကိုဗလကြီး၊ ကိုအောင်မျိုးသူ၊ ကိုဘိုဘိုဝင်း (ခ) ကိုထန်းတောကြီး၊ ကိုနေအေး (ခ) ကိုအာကာထက်ပိုင်မျိုးတို့ဖြစ်သည်ဟု ဖော်ပြထားသည်။
ထို့အပြင် ဒိုက်ဦးထောင်တွင်ပင် နိုင်ငံရေးအကျဉ်းသား (၂)ဦးဖြစ်သည့် ကိုအောင်စိုးမိုး (ခ) မဲလုံးမှာ ၂၀၂၃ခုနှစ် ဇူလိုင်လ(၁၆)ရက်နေ့က သေဆုံးသွားခဲ့ပြီး ဝေါမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ဒီသည်လည်း ဇူလိုင်လ(၁၇)ရက်နေ့တွင် သေဆုံးခဲ့ရသည်။
နိုင်ငံရေးအကျဉ်းသားများအား တရားမဲ့သတ်ဖြတ်နေသည်သာမက ၎င်းတို့၏ မိသားစုဝင်များကိုပါ စိတ်ပိုင်းဆိုင်ရာအရ ပြင်းထန်စွာညှဉ်းပန်းနှိပ်စက်နေခြင်းလည်းဖြစ်သည်ဟု AAPP က ဖော်ပြထား သည်။