မိုခါ မုန်တိုင်းတိုက်စဉ် ရသေ့တောင်မြို့နယ်တွင် ဓမ္မာရုံ၌ မုန်တိုင်းရှောင်သူ ၁၃ ဦးသေဆုံး

ဓါတ်ပုံ - ကိုမျိုး (မုန်တိုင်းတိုက်ခတ်ပြီး ရသေ့တောင်မြို့ မြင်ကွင်း)
ဓါတ်ပုံ - ကိုမျိုး (မုန်တိုင်းတိုက်ခတ်ပြီး ရသေ့တောင်မြို့ မြင်ကွင်း)
မိုခါ မုန်တိုင်းတိုက်စဉ် ရသေ့တောင်မြို့နယ်တွင် ဓမ္မာရုံ၌ မုန်တိုင်းရှောင်သူ ၁၃ ဦးသေဆုံး
By Tachileik News Agency

မိုခါမုန်တိုင်းတိုက်ခတ်စဉ် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာရှိ ဓမ္မာရုံတွင် မုန်တိုင်းရှောင်သူ (၁၃) ဦးသေဆုံးသွားကြောင်း သိရသည်။

ဓမ္မာရုံတွင် မုန်တိုင်းရှောင်နေကြသူများအနက် အမျိုးသား (၄) ဦး၊ အသက် ၇ နှစ်အရွယ်မိန်းကလေးအပါအဝင် အမျိုးသမီး (၉)ဦး သေဆုံးခဲ့ပြီး သေဆုံးသူအမည်စာရင်းကို စိစစ်နေဆဲဖြစ်သည်ဟု ရသေ့တောင်မြို့နယ် အမတ်ဟောင်း ဒေါ်ခင်စောဝေက ၂၀၂၃ ခုနှစ် မေလ (၁၆)ရက်နေ့တွင် Tachileik News Agency သို့ ပြောသည်။

ဓမ္မာရုံထဲမှာ ခိုလှုံ‌နေကြတာ မုန်တိုင်းအရှိန်ကြောင့် ဓမ္မာရုံ ပြိုကျသွားတာ ဖြစ်နိုင်ပါတယ်။ သေဆုံးတာက အမှန်ပါ။ လူအမည်နဲ့ အချက်အလက်တွေကိုတော့ အတိအကျမသိရသေးပါဘူး။

ဟု ရသေ့တောင်မြို့နယ် အမတ်ဟောင်း ဒေါ်ခင်စောဝေက Tachileik News Agency ကို ပြောသည်။

ဒုံးပိုက်ကျေးရွာသည် အငူမော်မှ မောင်တောမြို့သို့သွားသည့်လမ်းမပေါ်တွင်ရှိသည့် ကျေးရွာဖြစ်သည်။ 

မုန်တိုင်းကြောင့် စစ်တွေမြို့နယ် ပင်လယ်ကမ်းရိုးတန်းရှိ ဒါးပိုင်၊ အုန်းတောကြီး၊ ဘာဆာလာ၊ စံပြကျေးရွာ၊ ဘာဆာလာ၊ ဘောဒူဗနှင့် ဗေဒကျေးရွာ ဒုက္ခသည်စခန်းများအပါအဝင် ကျေးရွာအချို့တွင် ပျောက်ဆုံး၊ သေဆုံးနေသူများလည်းရှိသည်ဟု သိရသော်လည်း အရေအတွက်စာရင်းကို သိရှိရခြင်းမရှိသေးပါ။ 

 မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေ၊ ပုဏ္ဏားကျွန်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊  ပေါက်တော၊ ရသေ့တောင်မြို့ နယ်များမှ အဆောက်အဦ ၉၀ ရာခိုင်နှုန်းကျော် ပျက်စီးခဲ့ကြောင်း ကူညီကယ်ဆယ်ရေးလုပ်နေသူများ၏ အဆိုအရသိရသည်။