မန္တလေးမှ ငလျင်ဘေးသင့်ပြည်သူများအတွက် ယာယီနေရာချထားပေးရေးစခန်းတစ်ခုကို တရုတ်က ၂၀၂၅ ခုနှစ် ဧပြီလ (၂)ရက်နေ့ မွန်းလွဲ (၄)နာရီတွင် တည်ဆောက်ပေးထားပြီဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက မန္တလေး ဒေသန္တရ အစိုးရခွင့်ပြုချက်ဖြင့် အောင်သုခဘုန်းကြီးကျောင်းဝင်းအတွင်း အဆိုပါယာယီစခန်းကို တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တစ်ချို့အိမ်တွေက မပြိုပေမဲ့ နေလို့မရတော့ဘူးလေ။ ငလျင်ကလည်း ဆက်လှုပ်နေတုန်းဆိုတော့ အိမ်ထဲ ဘယ်သူမှ မနေရဲဘူး။ ငလျင်လှုပ်ကတည်းက လမ်းပေါ်နေနေကြရတာ ပုံနေတာပဲ။ မြေကြီးပေါ်နေရတော့ ရာသီဥတုက တအားပူတာနဲ့ဆိုတော့ နေမကောင်းသလိုပါ ဖြစ်နေတော့တာ။ ရေချိုး၊ အိမ်သာသုံးဖို့က အဆိုးဆုံးပဲ။ ယာယီနေစရာရှိရင်တော့ နည်းနည်းအဆင်ပြေမှာပေါ့”ဟု မန္တလေး ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
ယာယီတဲ အလုံး (၃၀)ပါဝင်သည့် အဆိုပါစခန်းကို တရုတ်နိုင်ငံမှ လှူဒါန်းထားသည့် ပစ္စည်းများဖြင့် တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပြီး မြန်မာဘက်က နောက်ဆက်တွဲ စီမံခန့်ခွဲရေးကို တာဝန်ယူမည်ဟု သိရသည်။
မန္တလေးတွင် မတ်လ (၂၈)ရက်နေ့က ငလျင်လှုပ်ပြီးချိန်မှစ၍ နေအိမ်ပြိုကျသွားသူများ၊ နေအိမ်တွင် ဆက်လက်နေထိုင်၍ မရတော့သူများနှင့် နောက်ဆက်တွဲငလျင်များကြောင့် ကြောက်ရွံ့သူများသည် လမ်းပေါ်၊ လမ်းဘေးတလျှောက် သင့်လျော်သလို မိမိအစီအစဉ်ဖြင့် နေနေကြရခြင်းဖြစ်သည်။
"ဒီနေ့ဆို ငလျင်ကြီး နှစ်ကြိမ်လှုပ်အပြီး (၆)ရက်မြောက်နေ့ပါ။ ကူညီကယ်ဆယ်ရေးအဖွဲ့ဆိုတာတွေက လူဆယ်ချီ၊ ရာချီ သေဆုံး ပိတ်မိနေတဲ့ မစိုးရိမ်လို စကိုင်းဗီလာကွန်ဒိုလို နေရာတွေမှာလောက်ပဲ ရှိနေပါတယ်။ အဲဒီနေရာတွေမှာကို ခုအချိန်ထိ ရှင်းလင်းလို့ မပြီးနိုင်ကြသေးပါ။ ကျန်တဲ့ မန္တလေးမြို့ရဲ့ ၉၀ ရာခိုင်နှုန်းလောက်မှာတော့ ငလျင်လှုပ်ပြီးသွားတဲ့နေ့က အတိုင်းပါပဲ။ တချို့ ပိုက်ဆံတတ်နိုင်သူတွေ ယာဉ်ယန္တယားတွေ သိန်းချီပေးငှားပြီး ဖော်တာတချို့ရှိတယ်။ သူတို့လိုတာ ဖော်ရှာယူရုံလောက်ပါပဲ။ တချို့ တနိုင်တပိုင် ရှင်းလင်းရေး လုပ်နေကြတာရှိတယ်။ ကျန်တာတွေကတော့ အပျက်အစီးတွေအတိုင်းပါပဲ။ ပိုက်ဆံမတတ်နိုင်လို့ အပျက်အစီးပုံအောက်က မိသားစုဝင်ကို အော်ဟစ်ငိုပြီးခေါ်နေသူတွေ ရှိနေတယ်။ လွန်ခဲ့တဲ့ နှစ်ရက်၊ သုံးရက်လောက်ထဲက တချို့နေရာတွေမှာ ရုပ်အလောင်းတွေကထွက်တဲ့ အပုပ်နံ့တွေ နံနေပါပြီ။
နိုင်ငံတကာ ဆေးအဖွဲ့တွေ ရောက်နေတယ်ဆိုသော်လည်း မန္တလေးက ပြည်သူ့ဆေးရုံကြီးမှာ ဆိုင်ကယ်စတန်းတွေပါ လူနာခုတင်တွေနဲ့ ပြည့်နေပါတယ်။ ဒါတွေတောင် ခုမှ လိုင်းလေးရလို့ သိရတာပါ။ ဧည့်စာရင်းစစ်ရင် စစ်မှုထမ်းခေါ်ရင် အခွန်ကောက်ပိုက်ဆံတောင်းရင် မြေပြင်မှာ အိမ်အထိလာတဲ့ အတိအကျသိတဲ့ အုပ်ချုပ်ရေးပိုင်းကလည်း ငလျင်ထဲပါသွားလို့ထင်ပါတယ်။ အကြောင်းကြားတာမျိုး အသိပေးတာမျိုး လိုက်ကြေငြာတာမျိုး ဘာမှမရှိပါ။ မြို့လယ်ခေါင်မှာ အဆက်အသွယ်အကုန်ပြတ်၊ သောက်ရေ ချိုးရေရှားပါး၊ အစားအသောက်ရှားပါး နောက်ဆက်တွဲ ကူးစက်ရောဂါတွေ ဘာဖြစ်လာဦးမလဲ မသိနိုင်သေးပါ။ ကျွန်တော့နေရာက ဘုံဘိုင်က ရေတွေ သံချေးစော်နံတွေချိုးပြီး ကျွန်တော်တော့ လောလောဆယ် ယားနာတွေဖြစ်နေတယ်။ လောလောဆယ်တော့ ဒီအတိုင်းပဲ ဖြစ်သလို မသေအောင် ဆက်နေနေပါတယ်။ ဒါကလွဲရင် ဘာလုပ်ရမှန်းလဲမသိပါ။ မြို့ပျက်ကြီးက ၆ရက်မြောက်ထိ နွေညအမှောင်ထဲမှာ နွေနေပူအောက်မှာ ဒီအတိုင်းရှိဆဲပါ။ မန္တလေးနည်းတူ စစ်ကိုင်းလည်း မလျော့ရင်တောင် ပိုဆိုးနိုင်တဲ့ အနေအထားရှိတယ်လို့ သိရပါတယ်။”ဟု မန္တလေးမှ ငလျင်ဘေးသင့်ပြည်သူတစ်ဦးက ပြောသည်။
အင်အားပြင်းငလျင်ထိခိုက်သည့် မန္တလေးတွင် အခြားငလျင်ဒဏ်သင့်မြို့များနည်းတူ ရှာဖွေကယ်ဆယ်ရေးအား မလုံလောက်သည့်အပြင် ငလျင်ဒဏ်သင့်ပြည်သူများအတွက် သက်ဆိုင်ရာဒေသအာဏာပိုင်များက အရေးပေါ်တုန့်ပြန်ကူညီမှုများမရဘဲ မိမိအစီအစဉ်ဖြင့် သင့်သလိုစီမံဖြေရှင်းနေကြရခြင်းဖြစ်သည်။
#TachileikNewsAgency
Photo:CRI Myanmar