ယင်းမာပင်ခရိုင်အနောက်ခြမ်းတွင် တစ်ခုတည်းသာ ကျန်တော့သည့်  စစ်ကောင်စီတပ်၏ ယာကြီးတာဝါတိုင်စခန်းကုန်း (၁၀)ရက်ကျော်သည်အထိ တိုက်ပွဲ ပြင်းထန်နေဆဲ 

ယင်းမာပင်ခရိုင်အနောက်ခြမ်းတွင် တစ်ခုတည်းသာ ကျန်တော့သည့်  စစ်ကောင်စီတပ်၏ ယာကြီးတာဝါတိုင်စခန်းကုန်း (၁၀)ရက်ကျော်သည်အထိ တိုက်ပွဲ ပြင်းထန်နေဆဲ 

 စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်အနောက်ခြမ်းတွင် တစ်ခုတည်းသာကျန်တော့သည့်  စစ်ကောင်စီတပ်၏ ယာကြီးတာဝါတိုင်စခန်းကုန်းကို တော်လှန်ရေးတပ်များက တိုက် ခိုက်နေသည်မှာ ၂၀၂၄ခုနှစ် အောက်တိုဘာလ(၃၀)ရက်နေ့အထိ (၁၀)ရက်ကျော်ကြာပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်စခန်းကုန်းကို အောက်တိုဘာလဆန်းကစတင်ပြီး တော်လှန်ရေးတပ်များက တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း စစ်ကူအင်အားဖြည့်ကာ လေကြောင်းမှ ပေါင်(၅၀၀)၊ ပေါင်(၃၀၀)ဗုံးများ ကြဲချသည်ဟု သိရသည်။

“ယင်းမာခရိုင်အနောက်ဘက်ခြမ်းမှာဆိုရင် စစ်ကောင်စီတပ်စခန်းက အဲဒီစခန်းတစ်ခုပဲရှိ တော့တယ်။ သူတို့က ဘာကြောင့် အသဲအသန်ကာကွယ်နေလဲဆိုရင် ဆက်သွယ်ရေး အသက်သွေးကြောစခန်းမို့လို့ပဲ။ အဲဒီစခန်းကို ဖြိုနိုင်ရင် စစ်ကောင်စီရဲ့ ဆက်သွယ်ရေးပြတ်တောက်သွားမှာ။”ဟု စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agency ကို ပြောသည်။

အဆိုပါ စခန်းကုန်းအား ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်းက တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လည်ဆုတ်ခွါခဲ့ရပြီးနောက် စစ်ကောင်စီတပ်က မိုင်းအလုံးပေါင်းထောင် ချီခင်းကာ ပြန်လည်စခန်းထိုင်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စခန်းကို စစ်ကောင်စီတပ်က အင်အား(၃၀)ဝန်းကျင်နှင့် မိုင်းများအထပ်ထပ် ထောင်ကာ တပ်စွဲထားရာ တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်လာခြင်းကြောင့် မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) မှ အင်အားရာနှင့်ချီကာ ရဟတ်ယာဉ်နှင့် ပို့ဆောင်သည်ဟု သိရသည်။

“လေယာဉ်တွေကတော့ ခဏခဏလာပြီး ဗုံးကြဲတာပဲ။ တိုက်ပွဲဖြစ်ရင် လာကြဲပြီ။ တိုက်ပွဲငြိမ်ရင်တော့ မလာဘူး။ အဲဒီစခန်းကို မနှစ်က ကျွန်တော်တို့ သိမ်းသေးတယ်။ မီးရှို့ပြီး ထားခဲ့တာ။ စစ်ကောင်စီတပ်ဘက်က ရဟတ်ယာဉ်နဲ့လာပစ်လို့ နောက်ပြန်ဆုတ်ခဲ့ရတာ။ ဆက်သွယ်ရေးစက်(၃)ခုမှာ တစ်ခု ဖျက်ဆီးနိုင်ခဲ့တယ်။ လက်နက်ခဲယမ်းတွေ သိမ်းနိုင်ခဲ့ တယ်။”ဟု အဆိုပါ စစ်ရေးသတင်းအရင်းအမြစ်က ဆက်ပြောသည်။

ယာကြီးတာဝါတိုင်စခန်းကုန်းတိုက်ပွဲတွင် နှစ်ဘက်ထိခိုက်မှုရှိပြီး စစ်ကောင်စီတပ်ဘက် က အများအပြားထိခိုက်သေဆုံးသူရှိနေကာ မိုင်းကွင်းကြောင့် စခန်းကို သိမ်းပိုက်နိုင်ခြင်း မရှိသေးဟုလည်း သိရသည်။