စစ်အာဏာရှင်တော်လှန်ရေးအတွက် နိုင်ငံတကာမှ မဟာမိတ်များ စစ်ရေးအကူအညီပေးရန် NUG ယာယီသမ္မတက တိုက်တွန်း ပြောကြား

Photo: Reuters
Photo: Reuters
စစ်အာဏာရှင်တော်လှန်ရေးအတွက် နိုင်ငံတကာမှ မဟာမိတ်များ စစ်ရေးအကူအညီပေးရန် NUG ယာယီသမ္မတက တိုက်တွန်း ပြောကြား
By Mr John

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ကစပြီး အာဏာသိမ်းခဲ့သည့် စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်မှုအတွင်း ဒီမိုကရေစီအရေး တိုက်ပွဲဝင်သူ အနည်းဆုံး (၂,၀၀၀) သေဆုံးခဲ့ကြောင်းနှင့် နိုင်ငံတကာ မဟာမိတ်များအနေဖြင့် စစ်ရေး အကူအညီပေးကြရန် ရွေးကောက်ခံ အမျိုးသားညီညွတ်ရေးအစိုးရ( National Unity Government - NUG ) ယာယီသမ္မတဒူဝါလရှီးလက ဒီဇင်ဘာလ (၁) ရက်နေ့တွင် ထုတ်လွှင့်သည့် အင်တာဗျူးတစ်ခုအတွင်း ပြောခဲ့သည်။ 

NUG ယာယီသမ္မတဒူဝါလရှီးလက အခြား ကမ္ဘာ့နိုင်ငံခေါင်းဆောင်များနှင့်အတူ Reuters NEXT Leader Summit ကို တက်ရောက်စဥ်အတွင်း ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ဒီသေဆုံးမှုတွေကို ကျွန်တော်တို့ ပေးဆပ်ရတဲ့ တန်ဖိုးအဖြစ် အလေးအမြတ်ထား သတိတရရှိနေမှာပါ" ဟု ကျောင်းဆရာဟောင်းနှင့် ရှေ့နေဖြစ်သူ NUG ယာယီသမ္မတက ပြောသည်။ 

စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန်တိုက်ခိုက်မှုအတွင်း စစ်အာဏာရှင်၏ တပ်ဖွဲ့ဝင် (၂၀,၀၀၀) ခန့် သေဆုံးခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

NUG ယာယီသမ္မတဒူဝါလရှီးလမှာ စစ်အုပ်စုရန်ကြောင့် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ရှိ ၎င်း၏နေအိမ်မှ မိသားစုနှင့်အတူ ထွက်ပြေးခဲ့ရသည်။

 "ဘယ်အချိန်မှာ ကျွန်တော့်ဘဝကို စွန့်လွှတ်မယ်ဆိုတာ ကျွန်တော် မသိဘူး။ ဒါက ဘုရားသခင်ရဲ့ အလိုတော်အတိုင်းပါပဲ။ ကျွန်တော်က ကျွန်တော့်တိုင်းပြည်အတွက် အရာအားလုံးကို စွန့်လွှတ်ပေးဆပ်ဖို့ သံန္နိဋ္ဌာန်ချထားပြီးသားပါ" ဟု NUG ယာယီသမ္မတက ပြောသည်။



NUG အနေဖြင့် ဆွေးနွေးညှိနှိုင်းမှုအတွက် တံခါးပိတ် မထားကြောင်း၊ သို့သော် စစ်တပ်က အရပ်သားများကို သတ်ဖြတ်နေမှု ရပ်တန့်ရမည်၊ နိုင်ငံရေးကနေ ထွက်ခွာပြီး ၎င်းတို့၏ အာဏာတည်မြဲရေးအတွက် ရေးဆွဲထားခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းမည်ဟု ကတိပြုရမည်ဖြစ်ကြောင်း ဒူဝါလရှီးလက ဆိုသည်။ 

"ဒါဆိုရင်တော့ ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ကောင်းဖြစ်လိမ့်မယ်" ဟု NUG ယာယီသမ္မတဒူဝါလရှီးလက ပြောသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်း စစ်အုပ်စုကို လက်နက်ကိုင် တော်လှန်တိုက်ခိုက်မှုအတွင်း ဒီမိုကရေစီဘက်တော်သား တိုက်ပွဲဝင်သူ (၂,၀၀၀) သေဆုံးခဲ့မှုအပြင် အရပ်သား (၂,၅၀၀) ကျော်လည်း သေဆုံးခဲ့ကြောင်း သိရသည်။ 

အရပ်သား သေဆုံးမှုအများစုမှာ စစ်အုပ်စုက ဆန္ဒပြမှုများကို အကြမ်းဖက် ဖြိုးခွင်းမှုအတွင်းဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း Assistance Association for Political Prisoners (AAPP) ၏ စာရင်းများအရ သိရှိရသည်။

Source: Reuters

 

Mr John သည် Tachileik News Agency ၏ နိုင်ငံတကာသတင်း ကဏ္ဍအတွက် ဘာသာပြန် သတင်းတင်ဆက်နေသူ ဖြစ်သည်...