သံဖြူဇရပ်မြို့နယ် ကုန်းမြင့်သာယာရွာအနီး နယ်မြေရှင်းလင်းရေးပြုလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ

သံဖြူဇရပ်မြို့နယ် ကုန်းမြင့်သာယာရွာအနီး နယ်မြေရှင်းလင်းရေးပြုလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကုန်းမြင့်သာယာရွာအနီး နယ်မြေရှင်းလင်းရေးပြုလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ပြောက်ကျားပစ်ခတ်တိုက်ခိုက်ကြောင်း တောင်ညိုစစ်ကြောင်းမှ ယနေ့  ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၀) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

သံဖြူဇရပ်မြို့နယ် ကုန်းမြင့်သာယာရွာအနီးတွင် အင်အား (၁၆၀)ခန့်ဖြင့် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၉)ရက်နေ့ နေ့လယ် (၁၂)နာရီခွဲဝန်းကျင်တွင် တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ပြောက်ကျားပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီစစ်ကြောင်းမှ (၁)ဦး သေဆုံးခဲ့ပြီး (၂)ဦး ပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပြန်လည်သိရှိရကြောင်း တောင်ညိုစစ်ကြောင်းက ဆိုသည်။

ယနေ့ စက်တင်ဘာလ (၂၀)ရက်နေ့တွင်လည်း အဆိုပါနေရာ၌ စစ်ကောင်စီစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ထိခိုက်မှုမရှိဘဲ ဆက်လက်လှုပ်ရှားနေကြောင်း တောင်ညိုစစ်ကြောင်းက အသိပေးထားသည်။

အဆိုပါ တိုက်ခိုက်မှုအား တောင်ညိုစစ်ကြောင်းနှင့် KNLA တပ်ရင်း (၂၇)အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလအတွင်း တောင်ညိုစစ်ကြောင်း လှုပ်ရှားနယ်မြေအတွင်း၌ အဆိုပါတိုက်ပွဲအပါအဝင် တိုက်ပွဲစုစုပေါင်း (၅)ကြိမ် ဖြစ်ပွားခဲ့ပြီး ၊ ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်နှင့် တိုက်ပွဲများ မကြာခဏဖြစ်ပေါ်နေသည့်အတွက် အစစအရာရာ ဂရုစိုက်ကြရန် တောင်ညိုစစ်ကြောင်းမှ အသိပေးထားသည်။

#TachileikNewsAgency