ယူကရိန်းစစ်ပွဲအတွင်း ရုရှားအတွက် အရေးပါသည့် ခရိုင်မီးယားတံတားပေါ် ပေါက်ကွဲမီးလောင်

ယူကရိန်းစစ်ပွဲအတွင်း ရုရှားအတွက် အရေးပါသည့် ခရိုင်မီးယားတံတားပေါ် ပေါက်ကွဲမီးလောင်
အောက်တိုဘာ 9, 2022 | နိုင်ငံတကာသတင်း
By Mr John

လွန်ခဲ့သည့် ၂၀၁၄ ခုနှစ်က ယူကရိန်းထံမှ ရုရှား သိမ်းပိုက်ခဲ့သည့် ခရိုင်မီးယားကျွန်းဆယ် နှင့် ရုရှားနိုင်ငံကြား မဟာဗျူဟာမြောက် ကားလမ်းနှင့်ရထားလမ်းပါ တံတားပေါ်တွင် အောက်တိုဘာလ (၈) ရက်နေ့က ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့ရာ ကားများသွားလာသည့် တံတားအစိတ်အပိုင်းများ  ပြိုကျသွားခဲ့ကြောင်း သိရသည်။ 

တံတားပေါ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကို ယူကရိန်းအစိုးရအရာရှိတစ်ဦးက အားရဝမ်းသာသည့် ပြောကြားမှုရှိခဲ့သော်လည်း ယူကရိန်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တိုက်ရိုက် ပြောဆိုမှု မရှိခဲ့ပေ။

ရုရှားနှင့်ခရိုင်မီးယားကို ဆက်သွယ်ထားသည့် (၁၂) မိုင်ရှည်လျားသော ထိုတံတားမှာ အဓိကျသည့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းဖြစ်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ညွှန်ကြားချက်အရ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ 

တံတားတည်ဆောက်ရေးမှာ ရုရှားက ခရိုင်မီးယားကို သိမ်းပိုက်ခဲ့ပြီးနောက် (၄) နှစ်အကြာ ၂၀၁၈ ခုနှစ်တွင် ပြီးစီးခဲ့သည်။

ယခုအခါ အဆိုပါ တံတားမှာ ယူကရိန်းတောင်ပိုင်း Kherson နယ်မြေ၏ နေရာအများစုကို သိမ်းပိုက်ထားသော ရုရှားတပ်ဖွဲများအတွက် အရေးပါသည့် ထောက်ပံ့ရေးလမ်းကြောင်းလည်း ဖြစ်သည်။ 

ရုရှားနိုင်ငံ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီက ဆိုရှယ်မီဒီယာတွင် ပြောကြားမှုအရ ကုန်တင်ယာဥ်တစ်စီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ခရိုင်မီးယားသို့ ဦးတည်ခုတ်မောင်းသွားနေသည့် ရထားတစ်စင်းပေါ်ရှိ လောင်စာဆီတင်ကုန်တွဲ (၇) ခု မီးလောင်ခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမီးလောင်မှုကြောင့် တံတားပေါ်ရှိ ကားလမ်းပိုင်း (၂) နေရာ ပြိုကျပျက်စီးသွားခဲ့သည်။ 

သို့သော် တံတားပေါ်ရှိ အခုံးပုံစံနေရာနှင့် ပင်လယ်နက် နှင့် Azov ပင်လယ်ကြား သင်္ဘောများ သွားလာနေကြသည့် ရေလမ်းကြောင်းတွင် ပျက်စီးမှုမရှိခဲ့ဟု ဆိုသည်။ 

ခရိုင်မီးယားနယ်မြေ၏ ရုရှားအုပ်ချုပ်ရေးမှူး Sergei Aksyonov ၏ ပြောကြားမှုအရ ပျက်စီးမှုအခြေအနေကို စစ်ဆေးနေစဥ် တံတားပေါ်တွင် ယာဥ်အသွားအလာ ရပ်ဆိုင်းထားမည်ဟု သိရသည်။

သတင်းဓာတ်ပုံများအရ တံတား၏ နေရာတစ်ခုမှ ထူထပ်သည့် မီးခိုးများ ထွက်ပေါ်နေသည်ကို တွေ့ရသည်။ 

နောက်ပိုင်းတွင်း မီးလောင်မှုကို ငြှိမ်းသတ်ခဲ့ကြောင်း အရေးပေါ်ဝန်ကြီးဌာနက ပြောကြားသည်ဟု ရုရှားသတင်းဌာန Interfax က ဖော်ပြသည်။ 

ယူကရိန်းသမ္မတ၏ အကြံပေးတစ်ဦးက တံတားပေါ်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုဖြစ်ရပ်မှာ အစပဲဖြစ်ကြောင်း Twitter တွင် ရေးသားခဲ့သော်လည်း ထိုပေါက်ကွဲမှုကို ယူကရိန်းတပ်ဖွဲ့များ လုပ်ဆောင်ခဲ့သည်ဟု မပြောခဲ့ကြောင်း သိရသည်။

"တရားမဝင်တဲ့ အရာအားလုံး ပျက်စီးရမယ်။ ခိုးယူသွားတဲ့ အရာအားလုံး ယူကရိန်းကို ပြန်ပေးရမယ်။ ရုရှားသိမ်းပိုက်ခဲ့တဲ့ အရာအားလုံးကို ပြန်ထားခဲ့ရမယ်" ဟု ယူကရိန်းသမ္မတ၏ အကြံပေးတစ်ဦးဖြစ်သူ Mykhailo Podolyak က Twitter တွင် ရေးသားထားသည်။ 

တံတားပေါ် ပေါက်ကွဲမီးလောင်မှုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးရန် ပြည်ထောင်စုအဆင့် ကော်မရှင်တစ်ခု ဖွဲ့စည်းဆောင်ရွက်ရန် သမ္မတပူတင်က အစိုးရကို ညွှန်ကြားခဲ့ကြောင်း TASS သတင်းဌာနက ရုရှားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov ကို ကိုးကားဖော်ပြသည်။

ခရိုင်မီးယားနယ်မြေ အာဏာပိုင်အဖွဲ့အကြီးအကဲ Vladimir Konstantinov က ယူကရိန်းတို့က တံတားကို ဖျက်ဆီးခဲ့ကြောင်း စွပ်စွဲထားသည်။ 

တံတားပျက်စီးမှုမှာ ဆိုးရွားသည့်အခြေအနေ မဟုတ်ကြောင်းနှင့် အလျင်အမြန် ပြန်လည်ပြင်ဆင်သွားမည်ဟုလည်း ၎င်းက ဆိုသည်။ 

ယူကရိန်း၏ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ အကြီးအကဲ Oleksiy Danilov ကမူ တံတားပေါ်တွင် မီးလောင်နေသည့် ဗီဒီယိုတစ်ခုကို မာရီလင်မွန်ရိုးက "Happy Birthday, Mr. President" သီချင်း သီဆိုနေသည့် ဗီဒီယိုနှင့်တွဲပြီး ဆိုရှယ်မီဒီယာတွင် တင်ခဲ့သည်။ 

ရုရှားသမ္မတပူတင်မှာ အောက်တိုဘာလ (၇) ရက်နေ့တွင် အသက် (၇၀) ပြည့်ခဲ့ခြင်း ဖြစ်သည်။

Source: Reuteres, BBC

Photo: Maxar Technologies/Handout, REUTERS/Stringer, UKRAINE SECURITY SERVICE/EPA-EFE/REX/Shutterstock, AFP/ Vera Katkova,