မြဝတီဘက် ကျားဖြန့်လုပ်ငန်းများတွင် လူကုန်ကူးခံရသည့် တရုတ် အပါအဝင် နိုင်ငံခြားသား (၆၁) ဦးကို တရုတ်ဒုဝန်ကြီး ရောက်နေချိန် BGF က ထိုင်းဘက်လွှဲမည်

မြဝတီဘက် ကျားဖြန့်လုပ်ငန်းများတွင် လူကုန်ကူးခံရသည့် တရုတ် အပါအဝင် နိုင်ငံခြားသား (၆၁) ဦးကို တရုတ်ဒုဝန်ကြီး ရောက်နေချိန် BGF က ထိုင်းဘက်လွှဲမည်

 စစ်ကောင်စီတပ်လက်အောက်ရှိ နယ်ခြားစောင့်တပ် (BGF)က တာဝန်ယူထားသည့် ကရင်ပြည်နယ် မြဝတီမြို့နယ်မှ ရွှေကုက္ကိုလ်နှင့် KK Park တို့ဘက်တွင် လူကုန်ကူးခံထားရသည့် တရုတ်အပါအဝင် နိုင်ငံခြားသား (၆၁)ဦးကို ထိုင်းဘက်သို့ လွှဲပြောင်းပေးရန် စီစဉ်နေသည်ဟု ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၈)ရက်နေ့တွင် ထိုင်း-မြန်မာ နယ်စပ်သတင်းများဖေါ်ပြနေသည့် The reporter သတင်းက ဖေါ်ပြသည်။

အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လူကုန်ကူးခံထားရသည့် တရုတ်နိုင်ငံသားများအား ထိုင်းအစိုးရနှင့် ပူးပေါင်းပြီး ကယ်တင်မည်ဟု တရုတ်အစိုးရက သတင်းထုတ်ပြီးနောက် BGF က တရုတ်အပါအဝင် နိုင်ငံခြားသား (၆၁)ဦးအား လွှဲပြောင်းပေးမည့်သတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

ယင်းသို့ လွှဲပေးမည့်နိုင်ငံခြားသားများတွင် တရုတ်နိုင်ငံသား (၃၉)ဦး၊ ကာဇက်စတန် (၁)ဦး၊ အင်ဒိုနီးရှား (၅)ဦး၊ အီသီယိုးပီးယား (၁)ဦး၊ ပါကစ္စတန် (၁)ဦး၊ မလေးရှား(၁)ဦးနှင့် အိန္ဒိယ (၁၃)ဦးပါဝင်သည်ဟု သိရသည်။

အဆိုပါ နိုင်ငံခြားသားများအား မြဝတီ - မဲဆောက်ကြားရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၁)မှ စိစစ်လွှဲပြောင်းမှု လုပ်ဆောင်မည်ဟု သိရသည်။

ယင်းသို့လွှဲပြောင်းပေးရန် စီစဉ်ထားသည့် ဇန်နဝါရီလ (၂၉)ရက်နေ့တွင် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ ဒုဝန်ကြီးလည်း မဲဆောက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် လူကုန်ကူးခံထားရသည့် တရုတ်နိုင်ငံသားများအား ကယ်တင်မည်ဟု  ကြေညာပြီးနောက် မြန်မာ၊ ထိုင်းနိုင်ငံများနှင့် ဆွေးနွေးမှုများကို တရုတ်အစိုးရက ဆက်တိုက်ပြုလုပ်လာခြင်းဖြစ်သည်။

လက်ရှိတွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Liu Zhongyi သည် ထိုင်းနိုင်ငံတွင် ရောက်နေပြီး ဇန်နဝါရီလ (၂၇)ရက်နေ့က ထိုင်းနိုင်ငံ ဆိုက်ဘာရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာန အကြီးအကဲ ရဲဒုတိယဗိုလ်ချုပ်ကြီး Trirong Phiwphan နှင့် တွေ့ဆုံဆွေးနွေးကြကြောင်း သိရသည်။

ပြည်တွင်း၊ ပြည်ပမှ လူကုန်ကူးခံရမှုများဖြင့် ကျော်ကြားလှသည့် မြဝတီဘက်ရှိ ကျားဖြန့်လုပ်ငန်းများတွင် တရုတ်နိုင်ငံသားများကို ထိုင်းမှတစ်ဆင့် လူကုန်ကူးမှုများ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် လူသိများသည့် သတင်းများ ဖြစ်လာပြီးနောက် ထိုင်းနိုင်ငံသို့ တရုတ်ခရီးသွားဝင်ရောက်မှု ထိခိုက်မှုမရှိစေရေး ထိုင်းအစိုးရက လုပ်ဆောင်မှုများရှိလာသည်ကို တွေ့ရသည်။

စစ်ကောင်စီတပ်လက်အောက်ခံ နယ်ခြားစောင့်တပ် စိုးမိုးထားသည့် မြန်မာ - ထိုင်းနယ်စပ် သောင်ရင်းမြစ်ကမ်းရှိ ရွှေကုက္ကိုလ်အထူးစီးပွားရေးဇုန်သို့ ပေးပို့နေသည့် ထိုင်းအင်တာနက်လိုင်းနှင့် လျှပ်စစ်မီးများကို  ဖြတ်တောက်ခြင်းများလည်း လုပ်လာပြီး နယ်စပ်မြို့ မဲဆောက်မှ ရဲအရာရှိအချို့ကိုလည်း မြဝတီဘက် လူကုန်ကူးခံရမှုဖြစ်စဉ်များနှင့် ပတ်သက်၍ အလုပ်မှထုတ်ပယ်ခြင်းများကို ထိုင်းအစိုးရက လုပ်ဆောင်လာသည်ကို တွေ့ရသည်။