မန္တလေးတိုင်း မြင်းခြံနှင့် မကွေးတိုင်း ပခုက္ကူမြို့တို့ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်များကို တော်လှန်ရေးတပ်များက ဝင်တိုက်ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသည်ဟု တော်လှန်ရေးတပ်များထံမှ သိရသည်။
မြင်းခြံမြို့ အမှတ်(၁၈)ရပ်ကွက်ရှိ စစ်ကောင်စီအထိုင်ချထားသောဂိတ်အား Myingyan Black Tiger (MBT) တပ်ဖွဲနှင့် ညီနောင်မဟာမိတ်များမှ ၂၀၂၅ခုနှစ် မတ်လ (၃)ရက်နေ့ နံနက်ပိုင်းတွင် ဝင်ပစ်သည်ဟု ဆိုသည်။
တော်လှန်ရေးတပ်များ၏ အနီးကပ်ပြောက်ကျားစနစ်ဖြင့် ဝင်ပစ်ခြင်းကြောင့် စစ်ကောင်စီတပ်သား (၄)ဦး သေဆုံးသည်ဟုလည်း Myingyan Black Tiger (MBT)က ထုတ်ပြန်သည်။
“ပြောက်ကျားစနစ်နည်းစနစ်ပဲပေါ့နော်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့က ဝင်တိုးလို့မရဘူးလေ။ ကျွန်တော်တို့မှာ ခဲယမ်းလုံလောက်မှုမရှိတဲ့ ပြဿနာရှိပါတယ်။ အဓိကတော့ ပြည်သူကို အနိုင်ကျင့်နှိပ်စက်နေပြီး ဆပ်ကြေးတွေကောက်တယ်။ ရိုက်တာနှက်တာတွေရှိတယ်။ ဖမ်းပြီး ပြန်ရွေးခိုင်းတာရှိတယ်။ ဒါကြောင့် မခံနိုင်လွန်းလို့ ဝင်ပြီးပစ်ခတ်ရတာပါ။”ဟု Myingyan Black Tiger(MBT)မှ တာဝန်ရှိသူ ဗိုလ်မိုက်ခဲက Tachileik News Agency ကိုပြောသည်။
တိုက်ခိုက်မှုကို Myingyan Black Tiger (MBT)တပ်ဖွဲ့နှင့်အတူ မဟာမိတ်များဖြစ်ကြသော ဗိုလ်စားပြောက်ကျားတပ်ဖွဲ့နှင့် BGF တပ်ဖွဲ့တို့က ပူးပေါင်းပစ်ခတ်ခြင်းဖြစ်သည်ဟု သိရသည်။
ထို့အပြင် ယနေ့ မတ်လ (၄)ရက်နေ့ နံနက်ပိုင်းတွင် ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ကျေးရွာရှိ စစ်ကောင်စီတပ် အထိုင်ချထားသော စစ်ဆေးရေးဂိတ်မှ ထွက်လာသည့် စစ်ကောင်စီတပ်သားများကို တော်လှန်ရေးတပ်က ပစ်ခတ်သည်ဟု သိရသည်။
ဂိတ်မှထွက်လာသည့် စစ်ကောင်စီတပ်သားများအား ပစ်ခတ်ရာ တစ်ဦးသေဆုံးပြီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သား (၁၀)ဦးဝန်းကျင်နှင့် (၁၅)မိနစ်ဝန်းကျင်အကြာ အနီးကပ်ပစ်ခတ်မှုဖြစ်သည်ဟု သိရသည်။
“သူတို့က ပခုက္ကူ-ပေါက်လမ်းပေါ် မှာအထိုင်ချ ဂိတ်စစ်တာပေါ့။ ဂိတ်စစ်ဖို့ရှေ့ထွက်လာတာမှာ ပစ်ခတ်မှူဖြစ်တာဗျ။ ဂိတ်စစ်ဖို့က ၅ယောက်လောက် ထွက်လာတယ်ပေါ့။ သူတို့က ဂိတ်နားမှာ ကင်းပုန်း(၁၀)ယောက်လောက် ဝပ်နေတာဗျ။ အဲဒီ ၁၀ ယောက်နဲ့အပြန်အလှန်ပစ်ခတ်မှုဖြစ်တာပါ။”ဟု Earthquake People's Defence Force မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုဆက်ကြီးက Tachileik News Agency ကိုပြောသည်။
တိုက်ခိုက်မှုအတွင်း အရပ်သား ကုန်ကားတစ်စီး ထိခိုက်မှုရှိခဲ့ပြီး ပခုက္ကူ-ပေါက်လမ်းပိုင်းသည် စစ်ကောင်စီအတွက် ရိက္ခာပေးနေသည့်အပြင် လက်နက်ခဲယမ်းတင်ဆောင်နေသည့် လမ်းဖြစ်သဖြင့် တော်လှန်ရေးတပ်များဘက်က ပိတ်ဆို့လိုနေသည်ဟု ဆိုသည်။
“တကယ်တော့ ကျွန်တော်တို့က အဲ့လမ်းပိုင်းကို ပိတ်ချင်တာပေါ့။ စကစ အတွက် ရိက္ခာချပေးတာ လက်နက်ခဲယမ်းတင်ပေးတာတွေ ရှိတယ်ဗျ။ သိလည်း သိရှိထားပါတယ်။ ဖြစ်နိုင်ရင် ပြည်သူတွေ တခြားလမ်းကနေ ပိုပြီး သွားစေချင်တယ်ဗျ။”ဟု ကိုဆက်ကြီးက ဆက်ပြောသည်။
ပြည်သူများအနေဖြင့် ပခုက္ကူ-ပေါက်လမ်းပိုင်းကို မသုံးမဖြစ် သုံးနေရသည်ဆိုသော်လည်း ထိခိုက်မှုမရှိစေရေး တခြားသောကွင်းလမ်းများအား အသုံးပြုစေလိုနေသည်။
အဆိုပါတိုက်ခိုက်မှုကို Earthquake People's Defence Force၊ Thurain TR၊ Hunter (Pakokku)၊ Six Senses Guerrilla Force၊ Justice Revolution Force နှင့် မြိုင်ပကဖ (ကိုနှင်းဂွေး)တပ်ဖွဲ့တို့ ပူပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Photo:စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)