စစ်ကောင်စီနှင့် အပေးအယူတည့်နေသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ ယူနီဖောင်းမှာ စစ်ကောင်စီတပ် နှင့် ဆင်တူနေ၍ ဒေသခံများ ဝေဖန်

စစ်ကောင်စီနှင့် အပေးအယူတည့်နေသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ ယူနီဖောင်းမှာ စစ်ကောင်စီတပ် နှင့် ဆင်တူနေ၍ ဒေသခံများ ဝေဖန်
စက်တင်ဘာ 27, 2022 | အခြားဒေသများ

 အာဏာသိမ်းစစ်ကောင်စီနှင့် အပေးအယူတည့်နေပြီး တွေ့ဆုံဆွေးနွေးနေသည့် ရခိုင်ပြည်လွတ် မြောက်ရေးပါတီ(ALP)သည် ၎င်း၏ တပ်ဖွဲ့ဝင်ကို ဆင်မြန်းပေးထားသည့် ယူနီဖောင်းများမှာ စစ်ကောင်စီတပ်နှင့် ဆင်တူနေသဖြင့် ဒေသခံများက ဝေဖန်နေကြသည်။

ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော်၏ အလယ်ပိုင်းတိုင်း အခြေခံစစ်သင်တန်းဆင်းပွဲတစ်ခုဟု ဆိုကာ ယနေ့ စက်တင်ဘာလ(၂၇)ရက်နေ့  နေ့လည်ပိုင်းတွင် ထုတ်ပြန်လာသည့် စစ်ရေးပြဓာတ်ပုံတွင် တပ်သားများ ဝတ်ဆင်ထားသည့် ယူနီဖောင်းမှာ စစ်ကောင်စီတပ်နှင့် တူညီနေခြင်းဖြစ်သည်။

၎င်းအခြေခံစစ်သင်တန်းတွင် တပ်သား(၁၉)ဦးပါဝင်ပြီး ဒေသခံများကမူ စစ်ကောင်စီအတွက် နယ်ခြားစောင့်တပ်(BGF)အသွင် ပြောင်းလိုက်ပြီလားဟုလည်း မေးခွန်းထုတ်နေကြသည်။

ALP ပါတီ၏ ဒေါ်စောမြရာဇာလင်းဦးဆောင်သည့်ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်ကောင်စီနှင့် နေပြည်တော်တွင် မကြာခဏတွေ့ဆုံနေခြင်းဖြစ်သည်။

ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကိုလည်း ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးထားသည်။

လက်ရှိ ရခိုင်ပြည်နယ်၌ ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေချိန် ALP ပါတီက ယင်းသို့ ထုတ်ပြလာသဖြင့် ဝေဖန်မှုမြင့်တက်နေသည်။

#TachileikNewsAgency

Photo: ALP