အာဏာသိမ်းအဖွဲ့က ကုလဆိုင်ရာအမြဲတမ်း ကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၏ ရန်ကုန်ရှိ မိဘများနေအိမ်ကို ဝရမ်းကပ်

ကုလဆိုင်ရာအမြဲတမ်း ကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း
ကုလဆိုင်ရာအမြဲတမ်း ကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း
အာဏာသိမ်းအဖွဲ့က ကုလဆိုင်ရာအမြဲတမ်း ကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၏ ရန်ကုန်ရှိ မိဘများနေအိမ်ကို ဝရမ်းကပ်
နိုဝင်ဘာ 11, 2021 | အခြားဒေသများ

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းအား အာဏာသိမ်းအဖွဲ့က စွပ်စွဲဖွင့်လှစ်ထားသော အမှုအတွက် တစ်လအတွင်း လာရောက်ထုချေရန်ထုတ်ဆင့်စာနှင့် သံအမတ်ကြီး၏ ရွှေ့ပြောင်းနိုင်သော၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၀) ရက်နေ့ နေ့လယ်ပိုင်းက သံအမတ်ကြီး၏ ရန်ကုန်ရှိမိဘများအိမ်တွင် လာကပ်သွားကြောင်း သိရသည်။

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ အင်းဝလမ်းရှိ  သံအမတ်ကြီး၏ မိဘများနေအိမ်ကို ဝရမ်းလာကပ်သူများက နေအိမ်တွင်းမှ ပစ္စည်းများယူဆောင်သွားခဲ့ကြကြောင်းလည်း သိရသည်။

မနေ့က စာလာကပ်တုန်းက အပြန်အထုပ်တွေနဲ့ ဘာတွေထည့်သယ်သွားလဲ မသိဘူး။ အဲဒီအိမ်က သူ့မိဘတွေနေတာ။ သူ့အစ်ကို အမည်ပေါက်လို့ကြားတယ်။

ဟု မျက်မြင်တွေ့ခဲ့ရသူတစ်ဦးက Tachileik News Agency သို့ ပြောသည်။

အာဏာသိမ်းအဖွဲ့က စွပ်စွဲအမှုဖွင့်ထားသည့် မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁) အတွက် ဝရမ်းကပ်ရန်အမိန့်စာနှင့် သံအမတ်ကြီးအနေဖြင့် လာရောက်ဖြေရှင်းရန် ထုတ်ဆင့်စာတို့ကို ဇမ္ဗူသီရိမြို့နယ်တရားရုံးမှ တရားသူကြီး မောင်မောင်လွင်က အောက်တိုဘာလ (၂၉) ရက်နေ့ နေ့စွဲဖြင့် ထုတ်ထားသည်ကို တွေ့ရသည်။

ဝရမ်းလာကပ်သည့်နေအိမ်တွင် သံအမတ်ကြီး၏ အသက် (၈၀) ကျော်မိဘများ နေထိုင်နေခဲ့ကြပြီး သံအမတ်ကြီး ကုလသမဂ္ဂညီလာခံတွင် မြန်မာပြည်သူများကို ကိုယ်စားပြုကြောင်း ပြောကြားမှုအပြီးတွင် မိဘများမှာ အခြားနေရာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြကာ လူမနေသည့်အိမ်ကို အာဏာသိမ်းအဖွဲ့၏ ရဲနှင့်စစ်သားများက စောင့်ကြည့်နေလေ့ရှိကြောင်း သိရသည်။

ယင်းအပြင် စက်တင်ဘာလ (၂၁) ရက်နေ့ကလည်း အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲက ခြံဝန်းတံခါး၊ အိမ်ရှေ့တံခါးတို့ကို သံဖြတ်ကပ်ကြေးဖြင့် ဖြတ်၍ဝင်ရောက်ပြီး ပစ္စည်းများ ယူဆောင်သွားခဲ့ဖူးကြောင်းလည်း သိရသည်။

ကုလဆိုင်ရာအမြဲတမ်း ကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းသည်  ဖေဖော်ဝါရီလ(၂၆)ရက်နေ့ ညပိုင်းတွင် ကျင်းပသည့် ကုလသမဂ္ဂအထူး အစည်းအဝေး၌ စစ်အာဏာသိမ်းအဖွဲ့ကို ကိုယ်စားမပြုဘဲ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်  CRPH တို့ကိုယ်စား မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါရပ်တည်ချက်ကြောင့် သံအမတ်ကြီးအား နယူးယော့မြို့တွင် လုပ်ကြံရန်ကြံစည်မှုလည်းဖြစ်ပွားခဲ့သည်။

လက်ရှိတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ကုလဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို ကိုယ်စားပြုထားခြင်းဖြစ်သည်။