အာဏာသိမ်းစစ်ကောင်စီတပ်၏ စစ်ရာဇဝတ်မှုများကို တရားစီရင်နိုင်ရေး  NUG ကြိုးပမ်းမည်

စစ်ကောင်စီတပ် လေကြောင်းမှတိုက်ခိုက်ခဲ့သည့် ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း
စစ်ကောင်စီတပ် လေကြောင်းမှတိုက်ခိုက်ခဲ့သည့် ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း
အာဏာသိမ်းစစ်ကောင်စီတပ်၏ စစ်ရာဇဝတ်မှုများကို တရားစီရင်နိုင်ရေး  NUG ကြိုးပမ်းမည်
By Tachileik News Agency

အာဏာသိမ်းစစ်ကောင်စီတပ်မှ လူအစုလိုက်၊ အပြုံလိုက် သတ်ဖြတ်မှုကျူးလွန်မှုများတွင် ပါဝင်သူများကို ဖမ်းဆီးရမိပါက တရားဥပဒေအရ တရားစီရင်အပြစ်ပေးခြင်းများ အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၂၆) ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

စစ်ရာဇဝတ်မှုကျူးလွန်သူများအား အမှုဖွင့်တရားစွဲဆိုခြင်း၊ ဝရမ်းထုတ်ခြင်း၊ လက်ရဖမ်းဆီးခြင်း၊ ဖမ်းဆီးရမိပါက တရားဥပဒေအရ တရားစီရင်အပြစ်ပေးခြင်းများကို အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားမဟာမိတ်တို့၏ စိုးမိုးထိန်းချုပ်နယ်မြေများကို အခြေပြု၍ အမြန်ဆုံးဆောင်ရွက်နိုင်ရေး အဆောတလျင်ဆောင်ရွက်သွားမည်ဟု ကြေညာထားသည်။

လူမဆန်သော ရက်စက်ကြမ်းကြုတ်မှုဖြစ်စဉ်များကို ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ တာဝန်ရှိသူများအားလုံး ထိုက်တန်သည့် ပြစ်ဒဏ်များကို တရားဥပဒေရှေ့မှောက်တွင် ပြန်လည်ခံစားရရှိနိုင်စေရေးကို အမြန်ဆုံးဆောင်ရွက်နိုင်ရန်အတွက် လုပ်ဆောင်ခြင်းဖြစ်သည်ဟု သိရသည်။

အာဏာသိမ်းအဖွဲ့၏ ရက်စက်ကြမ်းကြုတ်မှုများတွင် အသက်သေဆုံးခဲ့ရသူများအတွက်  တရားမျှတမှု ပြန်လည်ရရှိနိုင်စေရန် ဖြစ်စဉ်တိုင်း၏ သက်သေအထောက်အထား စနစ်တကျစုဆောင်းခြင်းနှင့် သက်ဆိုင်ရာတရားစွဲအဖွဲ့အစည်းများထံ ပို့ဆောင်ခြင်းကိုလည်း NUG က လုပ်ဆောင်နေသည့်အပြင် မျက်မြင်သက်သေများ၏ လုံခြုံရေးနှင့် ကျန်ရစ်သူမိသားစုများ၏ ဘဝရပ်တည်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက တာဝန်ယူထောက်ပံ့မှုများကို စဉ်ဆက်မပြတ်ပြုလုပ်ပေးနေဟုလည်း သိရသည်။

ကမ္ဘာ့ကုလသမဂ္ဂနှင့်တကွ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ထိရောက်ပြင်းထန်သော အရေးယူဆောင်ရွက်မှုများကို အလျင်အမြန် ဆောင်ရွက်မှသာလျှင် ကမ္ဘာ့တစ်ဝှမ်းရှိလူသားမျိုးနွယ်စုတစ်ခုလုံး၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေးတို့ကို ခြိမ်းခြောက်လာနေသည့်  အကြမ်းဖက်စစ်တပ်၏ ရက်စက်ရမ်းကားမှုများကို ရပ်တန့်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အာဏာသိမ်းထားသည့် တစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်သည် ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာတွင် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပါအဝင် ၂၀၂၁ ဇူလိုင်လအတွင်း စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ တောင်ပေါက်ရွာ၊ ကြက်ချောင်းတောတိုက်ရွာ၊ ယင်းရွာ၊ ကုန်းသာရွာတို့တွင် လူ (၄၀) ကျော် သတ်ဖြတ်ခဲ့ခြင်း၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင်  ဖရူဆိုမြို့နယ် မိုဆိုကျေးရွာ၌ အမျိုးသမီး၊ ကလေးငယ်နှင့် Save the Children မှ ဝန်ထမ်းနှစ်ဦးအပါအဝင် (၄၉) ဦးအား မီးရှို့သတ်ဖြတ်ခဲ့ခြင်း၊ ၂၀၂၂ ဇန်နဝါရီလ (၆) ရက်နေ့တွင် ချင်းပြည်နယ်၊ မတူပီမြို့နယ်၌ သတင်းထောက်တစ်ဦးနှင့် ကလေးငယ်တစ်ဦးအပါအဝင်  (၁၁) ဦးကို ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခဲ့ခြင်း၊ ၂၀၂၂ ဧပြီလ (၁၉) ရက်တွင် ရှမ်းပြည်တောင်ပိုင်း၊ ရွာငံ ပဲရင်းတောင်ရွာ၌ အမျိုးသား (၉) ဦးကို မီးရှို့သတ်ဖြတ်ခဲ့ခြင်း၊ ၂၀၂၂ ခုနှစ် မေလ ၁၂ ရက်နေ့တွင်  ရေဦးမြို့နယ်၊ မုန်တိုင်ပင်ရွာ၌ (၂၈) ဦးကို မီးရှို့သတ်ဖြတ်ခဲ့ခြင်း၊ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၇)ရက်တွင်  ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောရွာ၌ ၁၄ နှစ်မှ ၁၇ နှစ် အကြား ကလေးသူငယ်လေးဦး အပါအဝင် ဒေသခံ (၁၀) ဦးကို သတ်ဖြတ်ခဲ့ခြင်းစသည့် လူအစုလိုက် အပြုံ လိုက်သတ်ဖြတ်မှုအများအပြားကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်။