မြောင်မြို့နယ်အတွင်း အာဏာသိမ်းတပ်နှင့်ထိတွေ့ပစ်ခတ်မှုဖြစ်၍ တပ်ကြပ်ဟောင်း CDSOM အဖွဲ့ဝင်ကင်းထောက် ကျဆုံး၊ တစ်ဦး ဒဏ်ရာရ

မြောင်မြို့နယ်အတွင်း အာဏာသိမ်းတပ်နှင့်ထိတွေ့ပစ်ခတ်မှုဖြစ်၍ တပ်ကြပ်ဟောင်း CDSOM အဖွဲ့ဝင်ကင်းထောက် ကျဆုံး၊ တစ်ဦး ဒဏ်ရာရ
By Tachileik News Agency

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မြစ်သာရွာနှင့် ကင်းကျေးရွာတို့တွင် စစ်ကြောင်းနှစ်ကြောင်းဖြင့် ဝင်လာသည့် အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်၏ ကင်းပုန်းအဖွဲ့နှင့် ပစ်ခတ်မှုအတွင်း တပ်ကြပ်ဟောင်းဖြစ်သူ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM)ဝင် ကင်းထောက်တစ်ဦး ကျဆုံးသွားပြီး တစ်ဦးဒဏ်ရာရသွားကြောင်း သိရသည်။

 မြောင်မြို့နယ် မြစ်သာရွာကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၂) ရက်နေ့က ဝင်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်မှ ကင်းပုန်းချထားသည့် တပ်ဖွဲ့ဝင်များနှင့် CDSOM မှ ကင်းထောက်ရဲဘော်နှစ်ဦးတို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး CDSMO တပ်ဖွဲ့ဝင်ဖြစ်သည့် တပ်ကြပ်ဟောင်းက ကျန်ရဲဘော်အား ဆုတ်ခိုင်းကာ တစ်ဦးတည်း ခုခံပစ်ခတ်ရင်း ကျဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

ပြန်လည်ဆုတ်ခွာခဲ့သည့် CDSOM ရဲဘော်မှာ လက်မောင်းတွင် ဒဏ်ရာရခဲ့ပြီး တစ်ဦးတည်းခုခံပစ်ခတ်နေခဲ့သည့် ရဲဘော်တစ်ဦးမှာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခံထားရကာ ကျဆုံးနေသည်ကို တွေ့ခဲ့ကြရကြောင်း သိရသည်။

ကျဆုံးသွားသည့် CDSOM ရဲဘော် ကိုသန့်ဇင်သည် ယခင်က၂၅၆ တပ်ရင်းမှ တပ်ကြပ်အဆင့်မှ ထွက်ပြေးခဲ့သည့်အတွက် ပြစ်ဒဏ်ချခံခဲ့ရပြီး ကိုဗစ်ကာလ နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူဖြစ်ကာ ၂၀၂၁ နွေဦးတော်လှန်ရေးတွင် ပြည်သူ့ကာကွယ်ရေးတပ်သားအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သိရသည်။