ဝန်ထမ်းများ CDM ပြုလုပ်မှုကြောင့် အစိုးရ၏ လုပ်ငန်းများ ထိခိုက်ပြီး အခွန်ငွေများလည်း ပြည့်ဝစွာ မရရှိခဲ့ဘဲ ခက်ခဲစွာ ဖြတ်ကျော်ခဲ့ရကြောင်း အာဏာသိမ်းပြီး ဝန်ကြီးချုပ် လုပ်နေသည့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖွင့်ဟ ပြောဆိုလာသည်။
"CDM ပြုလုပ်သည့် ဝန်ထမ်းများကြောင့် အစိုးရ၏ လုပ်ငန်းများ ထိခိုက်ခဲ့ သကဲ့သို့ နိုင်ငံ့အခွန်ငွေများလည်း ပြည့်ဝစွာမရရှိခဲ့ဘဲ ပုံမှန်လုပ်ငန်း များဖြစ်သည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုသာ ဆောင်ရွက်၍ ခက်ခဲစွာဖြတ် ကျော်ခဲ့ရကြောင်း" ဖွင့်ဟ ဝန်ခံပြောကြားလာခြင်း ဖြစ်သည်။
နေပြည်တော်ရှိ စစ်ကောင်စီရုံး၏ အစည်းအဝေးခန်းမတွင် ၂၀၂၂ခုနှစ် ဩဂုတ်လ(၂၂)ရက်နေ့ မွန်းလွဲပိုင်းက ၎င်း၏ လက်အောက်ခံ ဝန်ကြီးများနှင့် အစည်းအဝေးပြုလုပ်စဉ် ယင်းသို့ ဝန်ခံပြောကြားခြင်း ဖြစ်သည်။
နိုင်ငံ့အာဏာသိမ်းလိုက်ပြီးနောက် Covid-19 ဒုတိယလှိုင်း ဖြစ်ပွားမှုကို ကြုံတွေ့ရပြီး ဆေးဝါး အခက်အခဲများရှိခဲ့သလို CDM ပြုလုပ်မှုကြောင့် ဆရာဝန် အခက်အခဲများ ဖြစ်ပေါ်ခဲ့သည့်အတွက် ၎င်းတို့အဖွဲ့အနေဖြင့် အခက်အခဲများကို ရင်ဆိုင်ခဲ့ရသည်ဟုလည်း ဆိုသည်။
အရပ်သားအစိုးရအဖွဲ့ကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖမ်းဆီးပြီး အာဏာသိမ်းလိုက်သည့် ကိစ္စနှင့် ပတ်သက်၍ အာဏာသိမ်းစစ်ကောင်စီ၏ ယန္တရားလည်ပတ်မှုတွင် မပါဝင်လို၍ ဌာနပေါင်းစုံများမှာ အာဏာဖီဆန်သည့်အနေဖြင့် CDM ပြုလုပ်လာကြခြင်းဖြစ်ပြီး CDM ပြုလုပ်လာကြခြင်းဖြစ်သည်။
အာဏာလုယူထားသည့် စစ်ကောင်စီလက်ထက်တွင် စစ်ကောင်စီ၏ ယန္တရားလည်ပတ်မှုတွင် ပါဝင်သည့် ဌာနဆိုင်ရာ အများအပြားလည်းရှိသည်။
#TachileikNewsAgency