ကိုးကန့်တပ်(MNDAA)သိမ်းထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၏ အဆုံးအဖြတ်သည် ၂၀၂၅ခုနှစ် မတ်လအတွင်း တရုတ်နိုင်ငံ ကူးမင်းတွင် ပြုလုပ်မည့် စစ်ကောင်စီနှင့် MNDAA တို့၏ ဆွေးနွေးမှု အပေါ်မူတည်နေကြောင်း Tachileik News Agency က ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၈)ရက်နေ့တွင် စုံစမ်းသိရှိရသည်။
စစ်ကောင်စီနှင့် MNDAA တို့သည် ယခုနှစ်၏ လာမည့် မတ်လအတွင်း၌ တရုတ်နိုင်ငံတွင် ထပ်မံဆွေးနွေးရန် ရှိနေကြပြီး မည်သည့်ရက်တွင် ဆွေးနွေး မည်မသိသေးသော်လည်း အဆိုပါဆွေးနွေးပွဲ အောင်မြင်မှု မရှိပါက စစ်ကောင်စီ၏ လေကြောင်းရန်ကို လားရှိုး နေပြည်သူများ ရင်ဆိုင်လာရဖွယ်ရှိနေပြီး ဆွေးနွေးမှု အောင်မြင်ပါက လားရှိုးမြို့ကို တစ်ဝက်ဆီ ခွဲယူကြရန်လည်း အစီအစဉ်ရှိနေသည်ဟုလည်း သိရသည်။
“မြို့ပေါ်မှာ ရပ်ကွက်ကြီး (၁၂)ခု ရှိတယ်။ အကယ်၍ MNDAA က ညှိနှိုင်းလို့ တရုတ်ဘက်က ဖိအားပေးလို့ ဆုတ်ခွါရမယ်ဆိုရင်တောင် ရပ်ကွက်ကြီး (၁၂)ခုမှာ တစ်ဖက် (၆)ရပ်ကွက်စီ ယူကြဖို့ အစီအစဉ် လည်းရှိကြတယ်။ အတူ တကွ ယှဉ်တွဲပြီး နေထိုင်ကြမယ်ဆိုတာမျိုးပေါ့။”ဟု MNDAA အဖွဲ့ထဲမှ သတင်းအရင်းအမြစ် တစ်ဦးက Tachileik News Agency ကို ပြောသည်။
ဆွေးနွေးမှု အောင်မြင်၍ ယင်းသို့ ခွဲဝေယူရမည်ဆိုပါက MNDAA အနေဖြင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ အမှတ်(၆၂၆)ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းနှင့် လေယာဉ်ကွင်းနီးရှိ အမြောက်တပ်ဘက်ကို ရယူသွားမည် ဖြစ်ပြီး စစ်ကောင်စီဘက်က ပြည်ထောင်စုလမ်းမဘက်ကို ရယူမည့် သဘောတွင်ရှိသည်ဟုလည်း သတင်းအရင်း အမြစ်က ဆိုသည်။
“(၃) လပိုင်း အထိပဲ ဝေဟင်က လေယာဉ်ရဲ့ ဒဏ်ကို မခံစားရနိုင်ဘူး။ (၃) လပိုင်းကျော်ရင်တော့ အာမခံချက် မရှိဘူး လို့လည်း သိထားရတယ်။ (၃)လပိုင်းအတွင်းမှာလည်း အချိန်မရွေး (၁၀၂၇ )တတိယလှိုင်း ဖြစ်သွားနိုင်တယ်လို့လည်း သိထားရတယ်။ မြို့ရှောင်လမ်းဘက်အခြမ်းကို MNDAA က ယူမယ့် သဘောရှိတယ်။”ဟု သတင်းအရင်းအမြစ်က ပြောသည်။
ထိုသို့ ခွဲဝေယူရမည် ဆိုသော် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်သည် လားရှိုးတွင် ရှိနိုင်တော့မည်မဟုတ်ဘဲ မိုင်းရယ်နှင့် တန့်ယန်းမြို့တို့တွင်သာ အခြေပြုနိုင်မည်ဖြစ်ပြီး လက်ရှိတွင်လည်း ဌာနချုပ်အတွက် အဆောက်အဦးများကို အကောင်အထည်ဖော်ရန် စစ်ကောင်စီဘက်က စီမံကိန်းဆွဲနေပြီဟုလည်း သိရသည်။
ရပ်ကွက်ကြီး (၁၂)ခုကို တစ်ဝက်ဆီ ခွဲဝေယူသည့် အစီအစဉ် ဖြစ်မြောက်သွားပါကလည်း လက်ရှိတာဝန်ထမ်း ဆောင်နေသည့် MNDAA ၏ ဌာနဆိုင်ရာဝန်ထမ်းများ၊ မိသားစုများအားလုံးကို အာမခံချက်အပြည့် ကတိက ဝတ်ပေးမည်ဟုလည်း သိရသည်။
“ဆွေးနွေးမှု အောင်မြင်ရင်တော့ (၆)လပိုင်းလောက်ကို တစ်ဝက်ဆီခွဲယူဖို့ အစီအစဉ်လည်း ဖြစ်သွားနိုင်သလို MNDAA ရဲ့ ဝန်ထမ်းတွေ၊ မိသားစုတွေကို ဘိုးစဉ်ဘောင်ဆက် အရေးယူခြင်းမျိုး၊ ရန်ရှာခြင်းမျိုး မရှိရအောင် အားလုံးကို အဆင်ပြေအောင် လုပ်ဆောင်ထားတယ်လို့ သိရတယ်။ အဲဒီလိုဖြစ်သွားရင် ဝန်ထမ်းတွေ၊ မိသားစုတွေ MNDAA ဘက်မှာ လာနေလို့ရတယ်။ နေရာချပေးမယ်ပေါ့ဗျာ။ အဆောက်အဦးတွေ ဆောက်မယ်၊ ဝန်ထမ်းအိမ်ယာတွေ ဆောက်မယ်ပေါ့။”ဟု သူက ဆက်ပြောသည်။
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ( Myanmar National Democratic Alliance Army - MNDAA ) ခေါင်းဆောင် ဖုန်တာရွှင် ကို တရုတ်ဘက်က ပြန်လွှတ်ပေးလိုက်ပြီး နေရပ်ပြန်ရောက်နေပြီဟုလည်း သူက အတည်ပြုပြီး ဖုန်တာရွှင်ပြန်ရောက်ပြီးနောက် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ(၂၅)ရက်နေ့တွင် နယ်စပ်ဂိတ်များနှင့် MNDAA ထိပ်ပိုင်းခေါင်းဆောင်များ၏ ဘဏ်အကောင့်များအား တရုတ်ဘက်က ပြန်ဖွင့်ပေးလိုက်သည် ဟု ဆိုသည်။
“MNDAA ထိပ်ပိုင်းမှာလည်း ဖိအားတွေနဲ့ ရင်ဆိုင်နေရတယ်။ တရုတ်ဘက်က အရမ်း ဖိအားပေးနေတယ်။ အရင်တုန်းကဆိုရင် ဘဏ်အကောင့်တွေပါ အကုန်လုံး ပိတ်ထားတာကိုး။ စီးပွားရေးတွေလည်း အကုန်ပိတ်ထားတဲ့အခါကျတော့ နယ်စပ်ဂိတ်တွေကအစ အကုန်ပိတ်ထားတော့ ထိပ်ပိုင်းမှာ ငွေပြတ်လပ်မှုတွေနဲ့ အဆင်မပြေမှုတွေဖြစ် နေတယ်ပေါ့ဗျာ။”ဟု သူက ဆက်ပြောသည်။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကူးမင်းမြို့၌ ဇန်နဝါရီလ (၁၆)ရက်နေ့က စတင်ကာ နှစ်ရက်တာ တွေ့ဆုံဆွေး နွေးခဲ့ပြီးနောက် MNDAA နှင့် စစ်ကောင်စီတို့ကြား အပစ်ရပ်သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
ကိုးကန့် MNDAA တပ်ဖွဲ့နှင့် စစ်ကောင်စီတို့ တရားဝင် အပစ်ရပ်လိုက်ပြီးနောက် "ဝ"ပြည်မှ ကိုးကန့်ဒေသဘက် ကို လွတ်လပ်စွာ ကုန်စည်ဖြတ်သန်းခွင့်ကိုလည်း ခွင့်ပြုလိုက်သည်။
တရုတ်အစိုးရဘက်က ညီနောင်မဟာမိတ်(၃)ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း တရုတ်-မြန်မာ နယ် စပ်ဂိတ်များကို ကုန်စည်တင်သွင်းခွင့် ပိတ်ထားခဲ့ခြင်းဖြစ်သည်။
စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့များက တရုတ်-မြန်မာ နယ်စပ်ဂိတ် (၅)ခုဖြစ်သည့် ကျင်စန်းကျော့၊ ချင်းရွှေဟော်၊ ရန်လုံကျိုင်း၊ မုန်းကိုးနှင့် နမ့်ခမ်းဂိတ်များကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး MNDAA က လားရှိုးမြို့ကို သိမ်းပိုက်ထားခြင်းဖြစ်သည်။