ဖောင်းပြင် ဖရုံချောင်းတစ်ဝိုက် ရွှေမျောများအား တစ်ဖောင် ကျပ်သိန်း ၅၀ ဖြင့် စရဖ က ဆပ်ကြေးကောက်ဟုဆို

ဖောင်းပြင် ဖရုံချောင်းတစ်ဝိုက် ရွှေမျောများအား တစ်ဖောင် ကျပ်သိန်း ၅၀ ဖြင့် စရဖ က ဆပ်ကြေးကောက်ဟုဆို
ဇွန် 13, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ ဖရုံချောင်းတစ်ဝိုက်ရှိ ရွှေမျောများအား စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ဇွန်လ(၁၂)ရက်နေ့ နံနက်ပိုင်းတွင် တစ်ဖောင်လျှင် သိန်း (၅၀)ကျပ် ဆပ်ကြေးကောက်ယူသွားကြောင်း CUSR-Chindwin, Uru Spring Revolution က ထုတ်ပြန်သည်။

ဖရုံချောင်းတစ်ဝိုက်ရှိ ရေမျောများအား SNA တပ်ဖွဲ့နှင့် စစ်ကောင်စီ၏ စရဖအဖွဲ့တို့က ခြိမ်းခြောက်၍ ဆက်ကြေးကောက် ခြင်းဖြစ်ကြောင်း သိရသည်။ 

"ဆက်ကြေးလာကောက်တာက စိုင်းပြူးလို့ သိရတယ်။ သူ့ဘေးမှာ စရဖတွေနဲ့ SNA တပ်သားတွေကော ပါတယ်။ ရွှေမျောဖောင် တစ်ဖောင်ကို သိန်းငါးဆယ်တောင်းတယ်။ တစ်နာရီအတွင်း ပေးဖို့နဲ့ မပေးရင် ရိုက်မယ်လို့ ကြိမ်းတယ်။ ကြောက်ကြရတော့ တချို့ဆို ဆွဲကြိုးတွေ၊ လက်ကောက်တွေ ချွတ်ပေးလိုက်ရတယ်။ ဓားပြတိုက်နေသလိုပါပဲ။ ခုက စစ်ကောင်စီကြောက်ရ၊ SNA လည်း ကြောက်ရနဲ့"ဟု ဒေသခံတစ်ဦးကပြောကြောင်း CUSR က ထုတ်ပြန်ထားသည်။ 

အဆိုပါ ဖရုံချောင်းအနီးတစ်ဝိုက်ရှိ ရေမျောများသည် စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှ ပြန်လည်စတင်လာသည့် မျောများဖြစ်‌ကြောင်း သိရသည်။ 

ထို့နောက် ၎င်းတို့သည် ဖောင်းပြင်မြို့နယ်၊ သရောင်းရွာဘေးရှိ မြစ်ကမ်းအနီးတွင် သေနတ်ဖောက်ကာ ရွာအတွင်းသို့ ဝင်ရောက်လာသည်ဟုဆိုသည်။ 

"မြစ်ကမ်းနား သူတို့ရောက်တာနဲ့ သေနတ်ဖောက်တယ်။ ပြီးတော့  စရဖနဲ့ ရွာထဲဝင်လာပြီး PDF နာမည်စာရင်းနဲ့ PDF တွေလာရှာတယ်။ ဖမ်းဖို့လို့ပြောတာပဲ။ စရဖက ဖမ်းချင်တာကို SNA က ကူပေးတဲ့သဘောပေါ့။"ဟု ဒေသခံတစ်ဦးကပြောကြောင်း ထုတ်ပြန် ထားသည်။ 

ယခင်လအတွင်း ဖောင်းပြင်မြို့နယ်အတွင်းရှိ PDFစခန်းများအား စစ်ကောင်စီတပ်များမှ စစ်ကြောင်းထိုးရာတွင် SNA အရာရှိ စိုင်းပြူး၏ အဖွဲ့မှလည်း ပူးပေါင်းခဲ့ပြီး ယခင်လပိုင်းအတွင်းကလည်း HPDF ထောက်ပို့ တပ်သားအား မတရားသတ်ဖြတ်ခဲ့ရာတွင် စိုင်းပြူးသည် အဓိက ပါဝင်ပတ်သက်ခဲ့သူတစ်ဦးဖြစ်သည်ဟု ဆိုသည်။ 

အဆိုပါ ဖရုံချောင်းအနီးတစ်ဝိုက်တွင် SNA နှင့် စစ်ကောင်စီတပ် ပူးပေါင်းစစ်ကြောင်းထိုးမှုကြောင့် ဖောင်းပြင် PDF များနှင့် မကြာခဏ တိုက်ပွဲဖြစ်ပွား‌ကြောင်း သိရသည်။