AA စစ်ဦးစီးချုပ်က စစ်ကောင်စီတပ်၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ထင်လတ်ဦး ကို သတိပေး

AA စစ်ဦးစီးချုပ်က စစ်ကောင်စီတပ်၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ထင်လတ်ဦး ကို သတိပေး

ရခိုင်ပြည်နယ်အတွင်း အမ်းမြို့နယ်ရှိ အာဏာသိမ်းစစ်ကောင်စီတပ်၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးကို ရက္ခိုင့်တပ်တော်(AA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က လူမှုကွန်ရက် Twitter မှတစ်ဆင့် သတိပေး ပြောဆိုလာသည်။

AA အနေဖြင့် ငြိမ်းချမ်းရေးကို ဂရုစိုက်မည်မဟုတ်ဘဲ ထင်လတ်ဦး နေရာအထိ တိုက်ခိုက်မည်ဟု ပြောဆိုလိုက်ခြင်းဖြစ်သည်။

"ကိုထင်လတ်ဦး သိပ်လျှောက်မလုပ်နဲ့။ အာရုံနောက်နေပြီ ငြိမ်းချမ်းရေး ဘာညာသောက်ဂရုစိုက်နေမှာ မဟုတ်ဘူး။ မင်းနေတဲ့နေရာထိတက်ကြိတ်ပလိုက်မှာနော်" ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က လူမှုကွန်ရက် Twitter တွင် ရေးသားထားသည်။ 

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ တာဝန်မှာ ရခိုင်ပြည်နယ်၊ ချင်းတောင်ဒေသများကို ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များအား အဓိကတာဝန်ယူရကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်သည် AA ၏ တရားစီရင်ရေး၊ အုပ်ချုပ်ရေးများကို ထိပါးနှောင့်ယှက်နေသဖြင့် သီးမခံနိုင်ပါက တိုက်ပွဲပြန်ဖြစ် လာမည်ဖြစ်ကြောင်း AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ဖူးသည်။

လက်ရှိတွင်လည်း စစ်ကောင်စီတပ်များသည် ရခိုင်ဒေသ၌ စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေကာ အင်အားတိုးချဲ့ခြင်းများလည်း ရှိ လာနေသည်။

#TachileikNewsAgenct