ဝန်းသိုမြို့နယ် စိန်လည်ရွာအနီးတိုက်ပွဲတွင် အထိနာသည့် အာဏာသိမ်းစစ်တပ်က ရွာများကို မီးရှို့၍ အမျိုးသမီးတစ်ဦး မီးထဲပါသွား

ဝန်းသိုမြို့နယ် စိန်လည်ရွာအနီးတိုက်ပွဲတွင် အထိနာသည့် အာဏာသိမ်းစစ်တပ်က ရွာများကို မီးရှို့၍ အမျိုးသမီးတစ်ဦး မီးထဲပါသွား
ဧပြီ 24, 2022 | အခြားဒေသများ

 စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ စိန်လည်ကျေးရွာအနီး၌ ယနေ့ ၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၄)ရက်နေ့ အကူး နံနက်(၁)နာရီဝန်းကျင်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်ကောင်စီတပ်က ကျေးရွာများကို မီးဝင်ရှို့သဖြင့် အမျိုးသမီး (၁)ဦး မီးထဲပါသွားကြောင်း သိရသည်။

စိန်လည်ကျေးရွာအနီးတိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ (၅) ဦး သေဆုံးပြီးနောက် စိန်လည်၊ သပြေသာနှင့် ရှမ်းစုရွာများကို အာဏာသိမ်းတပ်က မီးဝင်ရှို့ခြင်းဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ဧပြီလ(၂၂)ရက်နေ့ ညပိုင်းက စိန်လည်ကျေးရွာအနီးကို စစ်ကြောင်းထိုးလာသဖြင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရာ သေဆုံးထိခိုက်မှုများရှိခဲ့ပြီးနောက် ယနေ့တွင် ထပ်မံစစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။

ယမန်နေ့ကလည်း  ဝန်းသိုမြို့အနီး ကျေးရွာ (၆)ရွာမှ ဒေသခံများမှာ အာဏာသိမ်းစစ်ကောင်စီတပ်များက  စစ်ကြောင်းထိုးလာသဖြင့် ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရာတွင်  ဒေသခံများကို PDF များဟု စွပ်စွဲကာ ဆဲဆိုရိုက်နှက်မှုများ ပြုလုပ်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်းများ လုပ်လေ့ရှိသည့်အတွက် ဒေသခံများမှာ အာဏာသိမ်းစစ်ကောင်စီတပ်လာကြောင်း သတင်းရသည်နှင့် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။