အင်အားပြင်းငလျင်လှုပ်ခတ်ထားသည့် မန္တလေးနှင့် စစ်ကိုင်းတွင် ယနေ့ ၂၀၂၅ခုနှစ် မတ်လ (၃၀)ရက်နေ့ နေ့လယ်(၁)နာရီခွဲကျော်က အင်အား(၅.၁) အဆင့်ရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်သွားသည်ဟု ဒေသခံများထံမှ သိရသည်။
“မန္တလေးမှာ (၁) နာရီ (၃၈)လောက်က ငလျင်လှုပ်သွားတာ ကြမ်းတယ်။ ထပ်ပြိုတာတော့ မဖြစ်လောက်ဘူး။ နည်းနည်းတော့ ကြမ်းတယ်။ ၁၅ စက္ကန့်လောက် အထပ်အောက်ဆောင့်တာ။”ဟု ကယ်ဆယ်ရေးလုပ်ပေးနေသူတစ်ဦးက လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။
ငလျင်သည် ကယ်ဆယ်ရေးများလုပ်ဆောင်နေချိန် ယနေ့ နံနက်(၉)နာရီဝန်းကျင်က တစ်ကြိမ်၊ နေ့လယ် (၁)နာရီ (၃၈)မိနစ်တွင် တစ်ကြိမ် လှုပ်ခတ်သွားသည်ဟု ဆိုသည်။
မတ်လ (၂၈)ရက်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးဖြစ်ပြီးနောက် မြန်မာနိုင်ငံတွင် နောက်ဆက်တွဲ ငလျင်ငယ်များ ဆက်တိုက်လှုပ်ခတ်နေ၍ ဒေသခံများ စိုးရိမ်နေကြရသည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ မန္တလေးတိုင်းအတွင်း အင်အားပြင်းငလျင်ဒဏ်ကြောင့် လူပေါင်း(၁၆၄၄)ဦး သေဆုံးပြီး (၃၄၀၈)ဦး ဒဏ်ရာရကာ (၁၃၉)ဦး ပျောက်ဆုံးနေသည်ဟု ဆိုသည်။
#TachileikNewsAgency
Photo:CSEM