စစ်အာဏာရှင်ကို ဆန့်ကျင်မှုကြောင့် DKBA မှ ခေါင်းဆောင်(၃)ဦး ထုတ်ပယ်ခံရ

စစ်အာဏာရှင်ကို ဆန့်ကျင်မှုကြောင့် DKBA မှ ခေါင်းဆောင်(၃)ဦး ထုတ်ပယ်ခံရ

 

 

စစ်အာဏာရှင်ကို ဆန့်ကျင်မှုကြောင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)မှ ခေါင်းဆောင်(၃)ဦး ထုတ်ပယ်ခံလိုက်ရကြောင်း သိရသည်။ 

ထုတ်ပယ်ခံရသူများမှာ အမှတ်(၉၀၈)တပ်ရင်း၊ ဌာနချုပ် ဗျူဟာမှူး၊ တပ်ရင်းမှူး စောဖူးခလဲ့၊ ကလိုထူးဘောဗဟို စစ်ကွပ်ကဲရေး လုံခြုံရေးတပ်ရင်း တပ်ရင်းမှူး စောဝေကလယ်မူး၊ ကလိုထူးဘောဗဟိုစစ်ကွပ်ကဲရေး လုံခြုံရေးတပ်ရင်း ဗိုလ်မှူးစောကော်အဲ့ဒိုတို့ ဖြစ်ကြောင်း သိရသည်။

DKBA ၏ မတ်လ(၂၄)ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ယင်းခေါင်းဆောင်(၃)ဦးသည် ပေးအပ်ထားသော တာဝန်ထက်ကျော်လွန်၍ လုပ်ဆောင်သည်သာမက စစ်စည်းကမ်းပုဒ်မ(၁၃)ကို ချိုးဖောက်ခြင်းကြောင့်ဟု  ဖော်ပြထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ကရင်ပြည်နယ်ရှိ စစ်ကောင်စီစခန်းများ သိမ်းပိုက်ရာတွင် DKBA တပ်ရင်းများ ပါဝင်ခဲ့သေးသည်။

 

ယင်းစခန်းသိမ်းတိုက်ပွဲများအတွင်း မော်ခီးစစ်ကောင်စီစစ်စခန်းကို တက်ရောက်သိမ်းပိုက်ခဲ့ရာတွင် DKBA (၉၀၈)တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောဖူးခလဲ့သည် KNLA တပ်ဖွဲ့နှင့်အတူ ပူးပေါင်းပါဝင်ခဲ့သူ တစ်ဦးဖြစ်သည်။

DKBA အဖွဲ့တွင်း သတင်းအရ ပြီးခဲ့သည့် ရက်ပိုင်းတွင် စစ်ကောင်စီ၏ မြဝတီရှေ့တန်းရုံး ခလရ ၂၇၅ တပ်ရင်းမှူး စိုင်းဇော်မိုးထွန်းက မြဝတီမြို့ရှိ DKBA ဆက်ဆံရုံးတာဝန်ရှိ သူများကို ခေါ်ယူတွေ့ဆုံခဲ့ရာ DKBAအဖွဲ့အနေဖြင့် ပြတ်ပြတ်သားသား ရပ်တည်ရန်နှင့် ၎င်းတို့နှင့် ပူးပေါင်းရန် အကယ်၍ မပူးပေါင်းပါက အဖွဲအစည်း၏ စီးပွားရေးလုပ်ငန်းနှင့် တပ်စခန်းများကို အာမခံချက် မပေးကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း KIC သတင်းဌာနတွင် ရေးသားထားသည်။

ထို့အပြင် မြဝတီတောင်ဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခအတွင်း ပါဝင်ပတ်သက်သည့် တပ်မှူးအချို့ကိုလည်း အဖွဲ့မှ ထုတ်ပယ်ရန်နှင့် ထုတ်ပယ်ပြီးစီးကြောင်း တရားဝင် သတင်းပို့ရန် သတိပေးပြောဆိုခဲ့ပြီးနောက် ယခုအမိန့်ပြန်တမ်းစာ ထွက်ပေါ်လာခြင်းဖြစ်သည်။

DKBA ဒုစစ်ဦးစီးချုပ်စောတာခုနှင့် ဗိုလ်မှူးဝင်းမြင့်ဦးတို့မှာ စစ်ကောင်စီ၏ တပ်မတော်နေ့အခမ်းအနားကို တက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိနေကြောင်း သိရသည်။