ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီ၏ လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံး မြို့ကနေ ထွက်ခွာ သွားကြရန် KNU သတိပေး

ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီ၏ လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံး မြို့ကနေ ထွက်ခွာ သွားကြရန် KNU သတိပေး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများအားလုံး ထွက်ခွါသွားကြရန် KNU က သတိပေးထုတ်ပြန်ထားသည်။

မြို့ခံဝန်ထမ်းများအနေဖြင့် တာဝန်မှနှုတ်ထွက်ကြရန် အသိပေးအကြောင်းကြားထားပြီး လိုက်နာခြင်းမရှိပဲ ပျက်ကွက်ပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို တာဝန်ယူမည်မဟုတ်ကြောင်း မတ်လ(၁၇)ရက်နေ့ကတည်းက သတိပေး ထုတ်ပြန်ထားခြင်း ဖြစ်သည်။ 

ယင်းသို့ သတိပေးစာထုတ်ပြန်ရခြင်းမှာ KNU ဒူးပလာယာခရိုင်၊ ကော့ကရိတ်နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တယား လည်ပတ်မှုရပ်တန့်သွားစေရေး အတွက် KNU ဒူးပလာယာခရိုင် အမြဲတမ်းကော်မတီများနှင့် မြို့တွင်းရှိ KNLA တပ်ကင်းအမှတ်(၁၈)၊ အမှတ်(၂၇)၊ အမှတ် (၁၀၃)၊ အမှတ်(၂၀၁)၊ KNDO လုံခြုံရေးတပ်ရင်းနှင့် တပ်မဟာစစ်ကြောင်းခေါင်းဆောင်များ သဘောတူညီချက်အရ ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်လကလည်း ဖာပွန်မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ ထွက်ခွါ၊ နှုတ်ထွက်ကြရန် KNU က သတိပေးခဲ့သေးသည်။