ကရင်ပြည်နယ်၊ ကော့ကရိတ်တောင်ပိုင်း အံဖကြီး ရဲကင်းစခန်းကို အင်အားတိုးရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်-BGF ပူးပေါင်းတပ်ဖွဲ့ကို KNLA ပူးပေါင်း PDF တပ်ဖွဲ့များက တိုက်ခိုက်နေကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များကို ၂၀၂၂ ခုနှစ်၊ မတ်လ(၁၈)ရက်နေ့၊ ညပိုင်းမှစတင်ကာ ယနေ့ မတ်လ(၁၉)ရက်နေ့အထိ တိုက်ခိုက်နေခြင်းဖြစ်ကာ စစ်ကောင်စီတပ်ဘက်မှ အများအပြားသေပြီး တော်လှန်ရေးတပ်များဘက်ကလည်း ထိခိုက်မှုရှိနေကြောင်း သိရသည်။
၎င်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖြစ်သည့် ကျားဖြူတပ်ခွဲ (၁)၊ (၂)၊ (၃)လည်း ပါဝင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီတပ်ကို BGF တပ်များက လမ်းပြလုပ်ပြီး ကျေးရွာတွင်းသို့ဝင်လာရာမှ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က ကော့ကရိတ်လှိုင်ဝရွာထိပ် လက်နက်ကြီးကုန်းမှ လက်နက်ကြီးနှင့် ပစ်ခတ်နေသဖြင့် ဒေသခံများ ထွက်ပြေးနေကြရကြောင်း သိရသည်။