မတ္တရာမြို့နယ်၏ အရှေ့ပိုင်းသို့ နယ်မြေရှင်းလင်းရန် ရောက်ရှိလာသည့် အင်ကြင်းမြိုင် လေကြောင်းရန်ကာကွယ်ရေးတပ်မှ စစ်ကောင်စီတပ်သား (၂၄)ဦးရှိသည့် ဆိုင်ကယ်ယာဉ်တန်း ကျောက်ဆည်လေးကျေးရွာ နှင့် ကင်းကျေးရွာအကြားတွင် ယနေ့ ၂၀၂၂ခုနှစ် မတ်လ(၄)ရက်နေ့ နံနက်(၁၀)နာရီ (၄၅)မိနစ်ဝန်းကျင်အချိန်က မိုင်းဆွဲတိုက်ခိုက် ခံရကြောင်း သိရသည်။
ယနေ့ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မတ္တရာမြို့နယ် ( ပ.ကဖ မတ္တရာ ) နှင့် Mandalay People's Defence Force တို့နှင့် ပူးပေါင်း လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်သားအဖွဲ့သည် မတ္တရာအရှေ့ပိုင်းသို့ ရောက်ရှိနေသည်မှာ (၃)ရက်ရှိသွားပြီဖြစ်ပြီး သဖန်းကိုင်းကျေးရွာ စာသင်ကျောင်းအတွင်း၌ တစ်ညအိပ်တပ်စွဲပြီးနောက် ပတ်ဝန်းကျင်နယ်မြေများသို့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က သေဆုံးသူနှင့်ဒဏ်ရာရရှိသူ များပြားပြီး ပြောက်ကျားစစ် ဆင်နွှဲခဲ့ကြသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှာ အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။
ကျောက်ဆည်လေးရွာရှိ ဒေသခံတစ်ဦး၏ နေအိမ်တွင် ငွေတစ်သိန်း ၊ရွှေကလစ်တစ်ခု၊ ဆိုင်ကယ်တစ်စီးတို့ကို စစ်ကောင်စီတပ်သားများ ဓားပြတိုက်ယူသွားခဲ့ပြီးနောက် ယခုလို မိုင်းဆွဲတိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်းလည်း သိရသည်။
မတ်လ(၃)ရက်ကလည်း မတ္တရာမြို့နယ်၊ ကင်းရွာအရှေ့ (၁)မိုင်ခန့်အကွာ ကျောက်ကြမ်းတောင်ကြားတွင် ဆိုင်ကယ်များဖြင့်တက် လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ပဒေသာမိုင်း (၅)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မတ္တရာ PDF က ထုတ်ပြန်ထားသည်။