ပြည်သူများဝန်မပိစေသည့် ဘဏ္ဍာငွေရရှိရေးလမ်းကြောင်းများကို ရှာဖွေဖော်ထုတ်နေပြီး ရရှိသည့် အခွန်ငွေများကို တာဝန်ယူမှုအပြည့်ဖြင့် စီမံခန့်ခွဲလျှက်ရှိကြောင်း NUG ကြေညာ

ပြည်သူများဝန်မပိစေသည့် ဘဏ္ဍာငွေရရှိရေးလမ်းကြောင်းများကို ရှာဖွေဖော်ထုတ်နေပြီး ရရှိသည့် အခွန်ငွေများကို တာဝန်ယူမှုအပြည့်ဖြင့် စီမံခန့်ခွဲလျှက်ရှိကြောင်း NUG ကြေညာ

တော်လှန်ရေးကာလအတွင်း စဉ်ဆက်မပြတ် ထည့်ဝင်ပံ့ပိုးနေကြသည့် ပြည်သူလူထုကို ဝန်မပိစေသည့် ဘဏ္ဍာငွေရရှိရေးလမ်းကြောင်းများကို ရှာဖွေဖော်ထုတ်လျက်ရှိပြီး စိုးမိုးထိန်းချုပ်နယ်မြေများမှ ရရှိသည့် အခွန်ဘဏ္ဍာငွေများကို တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် စီမံခန့်ခွဲ သုံးစွဲလျက်ရှိကြောင်း ယနေ့ ၂၀၂၄ခုနှစ် ဧပြီလ (၃၀)ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း (၃)နှစ်ပြည့် ထုတ်ပြန်ကြေညာချက်အရ သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရသည်  ၂၀၂၄ ခုနှစ် ဧပြီလ (၁၆) ရက်နေ့တွင် (၃)နှစ်ပြည့်ခဲ့ပြီး သုံးနှစ်တာကာလအတွင်း “ဖက်ဆစ်ဝင်ငွေဖြတ်တောက် ပြည်သူ့ဘဏ္ဍာတည်ဆောက်” ဟူသည့် ဆောင်ပုဒ်ကို လက်ကိုင်ထား၍ စစ်အုပ်စုထံ စီးဝင်နေသည့် ဘဏ္ဍာငွေများကို နည်းလမ်းပေါင်းစုံဖြင့် ဖြတ်တောက်ခြင်း၊ တော်လှန်ရေးအတွက်လိုအပ်သော ဘဏ္ဍာငွေများကို ရှာဖွေခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနမှ အောင်လံလွှင့်ချီ နွေဦးထီ အစီအစဉ်ဖြင့် ဩဂုတ်လ ၂၀၂၁ မှ ဒီဇင်ဘာလ ၂၀၂၃ အထိ CDM ဝန်ထမ်းများအား ကျပ် ၄၃၆,၇၈၉ သန်း (အမေရိကန်ဒေါ်လာ ၁၁၁.၇သန်း) ထောက်ပံ့ပေးခဲ့ပြီး ၊ အထူးငွေတိုက်စာချုပ်များမှ ဒီဇင်ဘာ ၂၀၂၁ မှ ဒီဇင်ဘာ ၂၀၂၃ အထိ အမေရိကန်ဒေါ်လာ ၄၄သန်းကျော် ၊ End of Dictatorship/Early Partnership Schemeမှ ဒီဇင်ဘာ ၂၀၂၃ အထိ အမေရိကန်ဒေါ်လာ ၉၇သန်းကျော် ၊ Spring Development Bank ငွေစုရောင်းချရငွေ အမေရိကန်ဒေါ်လာ ၁၁.၈ သန်း ရရှိခဲ့ပြီး NUG pay စနစ်ဖြင့် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်နှင့် ညီမျှသည့် ငွေကြေးစီးဆင်းမှုကို တော်လှန်ရေးအတွက် အထောက်အကူပြုနိုင်ရန် ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ထို့အပြင် ၂၀၂၃ ခုနှစ်အတွင်း NUG အစိုးရ ထိန်းချုပ် မြို့နယ် ၄၂ မြို့နယ်မှ  ကျပ်သန်းပေါင်း ၈၉,၈၈၄ သန်း  (အမေရိကန်ဒေါ်လာ ၂၂.၉၈သန်း) အခွန်ကောက်ခံရရှိခဲ့ပြီး တာဝန်ယူမှု၊တာဝန်ခံမှု အပြည့်ဖြင့် စီမံခန့်ခွဲ သုံးစွဲလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#TachileikNewsAgency