အာဏာသိမ်းအဖွဲ့က ဖမ်းဆီး ထောင်ချထားသည့် အနုပညာရှင်အချို့ ကို လွှတ်ပေး

အာဏာသိမ်းအဖွဲ့က ဖမ်းဆီး ထောင်ချထားသည့် အနုပညာရှင်အချို့ ကို လွှတ်ပေး

အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီး၊ ထောင်ချထားသည့် အနုပညာရှင်အချို့ကို ယနေ့ ၂၀၂၂ ခုနှစ် မတ်လ (၂) ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာဖြင့် လွှတ်ပေးသည်ကို တွေ့ရသည်။

အာဏာသိမ်းအဖွဲ့က ၎င်းတို့အား ဆန့်ကျင်သူပေါင်းများစွာကို ဖမ်းဆီး၊ ထောင်ချထားသည့်အနက်မှ ပုဒ်မ ၅၀၅-က ဖြင့် ထောင်ချခံထားရသည့် နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်များဖြစ်ကြသည့် အိန္ဒြာကျော်ဇင်၊ ပြေတီဦး၊ လူမင်းနှင့် ပိုင်တံခွန်တို့အား လွတ်ငြိမ်းခွင့်ပြုလိုက်ပြီး Beauty Blogger ဝင်းမင်းသန်းကို ပုဒ်မ ၅၀၅-ကဖြင့် ချမှတ်ထားသည့်ပြစ်ဒဏ်များ လွတ်ငြိမ်းခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ၎င်းတို့ ဖမ်းဆီးထားသည့် ဒါရိုက်တာဝိုင်းကိုလည်း အမှုပိတ်သိမ်းပေးသည်ဟု သိရသည်။

Beauty Blogger ဝင်းမင်းသန်းကို အာဏာသိမ်းအဖွဲ့က ပုဒ်မ၅၀၅- က ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ်အပြင် မတရားအသင်းဆက်သွယ်မှု  ပုဒ်မ ၁၇(၁)ဖြင့် ထောင်ဒဏ် (၃)နှစ် စုစုပေါင်း (၆) နှစ်တိတိကျခံရန် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် အမိန့်ချထားခြင်းဖြစ်သည့်အတွက် ၎င်းကျခံလျက်ရှိသည့် ပြစ်ဒဏ်များအနက် ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် ကျခံရန်ရှိသည့် ပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြုကြောင်းဟု အာဏာသိမ်းစစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားခြင်းကြောင့် Beauty Blogger ဝင်းမင်းသန်းသည်  မတရားအသင်းဆက်သွယ်မှုဖြင့် ပုဒ်မ ၁၇(၁)ဖြင့် ထောင်ဒဏ်(၃)နှစ်ကို ဆက်လက် ရင်ဆိုင်ရဦးမည်ဖြစ်သည်။ 

နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်များဖြစ်ကြသည့် အိန္ဒြာကျော်ဇင်၊ ပြေတီဦး၊ လူမင်း နှင့် ပိုင်တံခွန်  အာဏာသိမ်းအဖွဲ့က  ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် (၃) နှစ်စီ ချမှတ်ထားခဲ့ခြင်းဖြစ်ပြီး  ဒါရိုက်တာဝိုင်းကို ပြီးခဲ့သည့်လက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယနေ့လွတ်ငြိမ်းချမ်းသာတွင် မူးယစ်ဆေးဝါးမှုဖြင့် ပြစ်ဒဏ်ကျခံသည့် မလေးရှားနိုင်ငံသား Fariz Azman Bin Zainul Azman လည်းပါဝင်ကြောင်း သိရသည်။

အကျဉ်းထောင်၊ အကျဉ်းစခန်းအသီးသီးတွင် အာဏာသိမ်းအဖွဲ့က ဖေဖေါ်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းပြီးကတည်းက ပုဒ်မမျိုးစုံတပ်၍ ဖမ်းဆီးထိန်းသိမ်းထားသူအများအပြားကျန်ရှိနေဆဲဖြစ်သည်။