ရခိုင်ပြည်နယ်တောင်ပိုင်းက စီးပွားရေးမြို့တော် တောင်ကုတ်မြို့ကို သိမ်းပိုက်နိုင်တော့မည့်အခြေအနေရောက်ရှိနေပြီဟု AA က ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၈)ရက်နေ့ ညပိုင်းတွင် အသိပေးသည်။
AA သည် သိမ်းပိုက်ရန်ကျန်ရှိနေသေးသော မြို့များကို တစ်မြို့မကျန် သိမ်းပိုင်ရန် စစ်ကောင်စီတပ်စခန်းများကို တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေရာ တောင်ကုတ်မြို့သည်လည်း အပါအဝင်ဖြစ်သည်။
တောင်ကုတ်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ တောင်ကုတ်မြို့ပြင်ရှိ စခန်းများဖြစ်သော တောင်ကုတ် တက္ကသိုလ် မောင်းတံဂိတ်နှင့် ရာဘာခြံရှိ စစ်ကောင်စီ၏စခန်းများ၊ တောင်ကုတ် တက္ကသိုလ်ကျောင်းဝင်းတစ်ခုလုံးအတွင်း စစ်ကောင်စီမှ အခိုင်အမာစခန်းချနေထိုင်ခဲ့သော တက္ကသိုလ်ကျောင်းဆောင်များ၊ အာလိမ်ငါးဆင့်ဘုရားကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီစခန်းတို့ကို သိမ်းပိုက်ရရှိထားပြီဟု ဆိုသည်။
ဆက်လက်၍ သိမ်းပိုက်ထားသော စခန်းများမှာ ဖုန်ညိုရွာ၊ ဘုန်းကြီးကျောင်းအနီးတောင်ကုန်းနှင့် ဖုန်ညိုတံတား အနီးပတ်ဝန်းကျင်၌ တပ်စွဲထားသော စစ်ကောင်စီ၏စခန်းများ၊ တောင်ကုတ်မြိုအဝင် စစ်ကောင်စီ၏ စကခ (၅) တပ်မဌာနချုပ် ဂိတ်စခန်း၊ သိမ်တောင်ရပ်ကွက်၊ ဆုတောင်းပြည့်ဘုန်းကြီးကျောင်းဝင်းအတွင်း၌ တပ်စွဲထားသော စစ်ကောင်စီ၏စခန်း၊ ကြိုးကြာကွင်းဂိတ်ရှိ စစ်ကောင်စီ၏စခန်း၊ ကိုင်းရှည်တံတားထိပ်ရှိ စစ်ကောင်စီ၏စခန်း၊ သီရိဆေးရုံ၊ ဂုဏ်နေဒေါက်ကျင်း၌ စခန်းချတပ်စွဲထားသော စစ်ကောင်စီ၏စခန်းနှင့် တောင်ကုတ်မြို့အတွင်းရှိ တောင်ကုတ်မြို့မရဲစခန်းတို့ကို သိမ်းပိုက်ရရှိထားခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါစခန်းများအားလုံးကို နိုဝင်ဘာလ (၄)ရက်နေ့မှ (၂၀)ရက်နေ့အတွင်း (၁၇)ရက်ကြာ ထိုးစစ်အပြီးတွင် သိမ်းပိုက်ရရှိခဲ့ပြီး တောင်ကုတ်မြို့တစ်ခုလုံးအား နိုဝင်ဘာလ (၂၄)ရက်နေ့မှစတင်၍ အလုံးစုံထိန်းချုပ်ထားနိုင်ပြီဟု ဆိုသည်။
တောင်ကုတ်မြို့တွင် လက်ကျန်တပ်စခန်းအဖြစ် စကခ (၅)တပ်မဌာနချုပ်နှင့် စကခ (၅)လက်အောက်ခံ တပ်ရင်းများဖြစ်သော ခမရ(၃၄၆)နှင့် ခမရ (၅၄၄)တပ်ရင်းဌာနချုပ်စခန်းများသာ ကျန်တော့ပြီး AA ဘက်က ဆက်လက်ထိုးစစ်ဆင်နေသည်။
တောင်ကုတ်မြို့ရှိ စစ်ကောင်စီ၏စခန်းများအား AAက ထိုးစစ်ကို မစတင်မီကတည်းကပင် ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်ထားပြီးဖြစ်ကာ တိုက်ခိုက်ထိုးစစ်ဆင်မည့် တောင်ကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းများအနီးရှိ ဒေသခံများကို တိုက်ပွဲနှင့်ဘေးလွတ်ရာသို့ ခေါ်ဆောင်ထားပြီး အထိခိုက်အနည်းဆုံးဖြစ်အောင် ပြောင်းရွှေ့ပေးခဲ့ဟု ဆိုသည်။
အာရက္ခတပ်တော်သည် တောင်ကုတ်မြို့အား မထိန်းချုပ်နိုင်သေးသည့်ကာလက စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့အတွင်းမှ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူခြင်း၊ ဖျက်ဆီးခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကို ပြုလုပ်သောကြောင့် ပြည်သူပိုင်ပစ္စည်း၊ လူနေအိမ်၊ တိုက်တာအဆောက်အအုံအချို့မှာ ပျက်စီးသွားသည်ဟု ထုတ်ပြန်သည်။
AA သည် တောင်ကုတ်နည်းတူ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ရှိရာ အမ်း၊ ဂွမြို့နယ်များအတွင်းရှိ စစ်ကောင်စီစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မောင်တောမြို့ရှိ တစ်ခုတည်းကျန်ရှိနေသေးသော နခခ(၅)စခန်းကိုလည်း အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေသည်။
တောင်ကုတ်နှင့် အမ်းမြို့သည် ၆၃ မိုင်ခန့်ကွာဝေးပြီး (၂)ရီကျော်သာသွားရသည့် ခရီးဖြစ်သော်လည်း AA၏ ဗျူဟာထိုးစစ်အတွင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)မှ စစ်ကူများကို တောင်ကုတ်မြို့သို့ မပို့နိုင်သည့်အခြေဖြစ်သွားသည်။
ထို့အပြင် တောင်ကုတ်နှင့် (၄၅)မိုင်ဝန်းကျင်ဝေးသည့် သံတွဲမြို့ကိုလည်း AAက သိမ်းပိုက်ထားပြီးဖြစ်သဖြင့် စစ်ကောင်စီတပ်သားများ ဆုတ်ခွာထွက်ပြေးရန်မှာ လက်နက်ချခြင်းနှင့် မိုင်(၁၀၀)ကျော်ဝေးသည့် ရိုးမကို ဖြတ်ကျော်ကာ ပြည်မအတွင်းသို့ ထွက်ပြေးခြင်းသာရှိသည်။
တောင်ကုတ်မြို့ သည် ရခိုင်ပြည်နယ်တွင် စီးပွားရေးမြို့တော်အဖြစ်ပင် တင်စားခံရသည့် မြို့ဖြစ်ကာ ဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးလည်းဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် စစ်ကောင်စီက တောင်ကုတ်ခရိုင်အဖြစ် ပြောင်းလဲခဲ့သည်။
စီးပွားရေးလမ်းကြောင်းများအနေဖြင့် ရန်ကုန်မြို့နှင့် ပြည်တို့ကို ရေလမ်း၊ ကုန်းလမ်းတို့မှ သွားနိုင်သည့်အပြင် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံအထိ ရေလမ်းကြောင်းမှ သွားရောက်ကုန်သွယ်နိုင်သည်။
ထို့အပြင် ရခိုင်ပြည်နယ်၏ သူဌေးကြီးဟု လူပြောများပြီး စစ်ကောင်စီနှင့်ပေါင်းကာ သစ်ခိုးထုတ်ခြင်းအပြင် စီးပွားရေးလုပ်ငန်းများစွာရှိသည့် ဦးကျောက်တောင်မှာ တောင်ကုတ်မြို့တွင်နေထိုင်သူဖြစ်သည်။
အာရက္ခတပ်တော်သည် ရခိုင်ပြည်နယ်ရှိ မြို့ကြီးများဖြစ်သော ပေါက်တော၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲမြို့တို့ကို သိမ်းပိုက်ထားပြီးဖြစ်သည်။
#TachileikNewsAgency
Photo: AA Info Desk