KNU နယ်မြေအတွင်း စစ်ကောင်စီတပ်၏ စစ်ခန်းသိမ်းတိုက်ပွဲတွင် ရခိုင်ပြည်တပ်မတော် (ANC/AA) ပါဝင် တိုက်ခိုက်

Photo:  ရခိုင်ပြည်အမျိုးသားကောင်စီ/ရခိုင်ပြည်တပ်မတော် (ANC/AA)
Photo: ရခိုင်ပြည်အမျိုးသားကောင်စီ/ရခိုင်ပြည်တပ်မတော် (ANC/AA)
KNU နယ်မြေအတွင်း စစ်ကောင်စီတပ်၏ စစ်ခန်းသိမ်းတိုက်ပွဲတွင် ရခိုင်ပြည်တပ်မတော် (ANC/AA) ပါဝင် တိုက်ခိုက်
ဖေဖော်ဝါရီ 17, 2022 | အခြားဒေသများ

ကရင်ပြည်နယ်အတွင်း မြဝတီမြို့နယ်၊ ဖလူးကြီးကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးကုန်း(ဘုရားကုန်း)ကို သိမ်းပိုက်ရာတွင် မဟာမိတ်တပ်များနှင့်ပူးတွဲပြီး ရခိုင်ပြည်အမျိုးသားကောင်စီ/ရခိုင်ပြည်တပ်မတော် (ANC/AA)မှ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း ANC/AA က သတင်းထုတ်ပြန်ထားရှိသည်။

ယင်း ဘုရားကုန်းရှိ အာဏာသိမ်းစစ်ကောင်စီတပ်နှင့် နယ်ခြားစောင့် (BGF) တပ်များစခန်းချထားသော ယာယီလက်နက်ကြီး ပစ်ကူစခန်းကို ဖေဖော်ဝါရီ (၁၆)ရက်၊ ညနေပိုင်းက ရခိုင်ပြည်တပ်မတော်(ANC/AA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA)တပ်ရင်း(၂၇)၊ တပ်ခွဲ (၂)နှင့် PDF တပ်ဖွဲ့များပူးပေါင်း၍ သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အထိနာသဖြင့် လက်နက်ကြီးများဖြင့် လည်းကောင်း၊  လေယာဉ် (၂)စီးဖြင့် လည်းကောင်း ပစ်ကူပေးခဲ့ပြီး မြဝတီ BGF မှလည်း စစ်ကား (၁၂) စီးဖြင့် အင်အားဖြည့်တင်းလာသည့်အတွက် တိုက်ပွဲနေရာမှ ပြန်လည်ဆုတ်ခွါခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်းမှ စစ်ကောင်စီတပ်၏ (၁၂၀) မမ စိန်ပြောင်း (၁) လက်၊ (၆၀) မမ စိန်ပြောင်း (၁) လက်၊ RPG (၂) လက်၊ စက်လတ် (၁) လက်၊ လက်နက်ငယ် (၁) လက်၊ ဆက်သွယ်ရေးစက် (၁) လုံးအပါအဝင် ကျောပိုးအိတ်အလုံး (၂၀)ခန့်နှင့် အရာရှိ အသုံးပြုသည့် ဖုန်းများအား သိမ်းဆည်းရမိပြီး ထိခိုက်ကျဆုံးသည့် စစ်ကောင်စီတပ်သားအများအပြားရှိသည်ဟု သိရသည်။

ဖလူးကျေးရွာနှင့် လေးကီးကော်မြို့နယ် အနီးတဝိုက်တွင် ဖေဖော်ဝါရီလ (၁၄) ရက်မှစတင်ပြီး တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အင်အားတိုးချဲ့လာသော စစ်ကောင်စီတပ်များအား မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်း၍ ပြောက်ကျားနည်းဗျူဟာဖြင့် တိုက်ခိုက်နေခြင်းဖြစ်သည်။

ရခိုင်ပြည်အမျိုးသားကောင်စီ/ရခိုင်ပြည်တပ်မတော် (ANC/AA)သည် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီတွင်ပါသည့် အဖွဲအစည်းဖြစ်ပြီး ANC/AA ၏ စစ်ဦးစီးချုပ်သည် ဗိုလ်မှူးကြီး မင်းထွန်း ဖြစ်သည်။