စစ်တပ်က နိုင်ငံ့အာဏာသိမ်းလိုက်သည့် ကာလအတွင်း တရားဥပဒေစိုးမိုးရေးပျက်ပြားလာသည်နှင့်အမျှ လူမှုကွန်ယက်စာမျက်နှာ(Facebook)မှ တစ်ဆင့် တရားမဝင်လုပ်ငန်းများ ပေါ်ပေါ်တင်တင် လုပ်လာကြသည်ကို တွေ့လာရပြီး ငွေတုစက္ကူရောင်းချသည့် လုပ်ငန်းများကိုပင် ပေါ်ပေါ်တင်တင်လုပ်လာကြသည်ကို တွေ့ရသည်။
ငွေကျပ် ငါးထောင်တန်နှင့် တစ်သောင်းတန် ငွေစက္ကူအစစ်များကို (၅) သောင်းဖိုးဝယ်ယူပါက ငွေစက္ကူအတု (၅)သိန်း၊ ငွေစက္ကူအတု(၁၀) သိန်းလျှင် အစစ် (၁)သိန်းဖြင့် ရောင်းချနေသည်ကို တွေ့ရသည်။
"အာမခံငွေတုရောင်းဝယ်ရေးလုပ်ငန်း"စာမျက်နှာများစွာ ထွက်လာသည်ကို တွေ့ရပြီး မှာယူသည့် ဒေသအထိ ပို့ဆောင်ပေးသည်ဟု ရေးသားထားသည်ကို တွေ့ရသည်။
ရောင်းတာငွေအတုပါ။ နောက်ပြီး တရားမဝင်တဲ့ ငွေစက္ကူဆိုတာ တခါထဲကို မှတ်ထားပေးပါ။ ဒီနေ့မှာ မနက်ဖြန်ရောက် မှာလားတွေ ဘာတွေ၊ လူလိမ်လား၊ လိမ်တာလားတွေ ဘာတွေ ပြောမယ်ဆို မလာပါနဲ့။ ဒဲ့ပြောတာ။ အတုတစ်ရွက်ထွက်ဖို အဆင့်ဆင့်ဘယ်လောက် ကြိုးစားရလဲဆိုတာ မှာယူဖူးတဲ့လူတိုင်း ငွေစက္ကူ Quality ကို ကြည့်တာနဲ့ သိကြပါတယ်။
ဟုလည်း ငွေအတုရောင်းသည့် FB page တွင် ရေးသားထားသည်ကို တွေ့ရသည်။
၎င်းငွေအတုများကို ဝယ်ယူသူက ငွေကြိုလွှဲစနစ်ဖြင့် မြန်မာတစ်နိုင်ငံလုံးအရောက် ပို့ပေးနေသည်ဟု ရေးသားထားသည်ကို တွေ့ရပြီး ၎င်းငွေစက္ကူအတုများကို အစစ်နှင့် တထပ်ထဲတူအောင် (၈၉) ရာခိုင်နှုန်းအထိ အသေးစိတ်ကျကျပြုလုပ်ထားသည်ဟုလည်း ကြော်ငြာထားသည်ကိုလည်း တွေ့ရသည်။
Facebook မှာ ငွေအတုရောင်းတဲ့ Page တွေ အများကြီးတွေ့ရတယ်။ နယ်အစုံပို့ထားတာတွေလည်း တွေ့ရတယ်။ ဘယ်လောက်တောင် ပြန့်နေပြီလဲမသိတော့ဘူး။ လူတွေကလည်း ဒါဟာ ဖမ်းခံရနိုင်တယ်ဆိုတာကို မစဉ်းစားမိကြဘူးထင်တယ်။ ကော်မန့်တွေကနေ ဘယ်ကို ပို့ပေးလဲ။ ဘယ်လောက်ဆိုရင် အတုဘယ်လောက်ရမလဲ ဆိုပြီး မေးနေတာတွေလည်း တွေ့ရတယ်။
ဟု ငွေလဲလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။
မကြာမီရက်ပိုင်းဖြစ်သည့် ဖေဖေါ်ဝါရီလ (၃) ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့အတွင်း၌ တစ်သောင်းကျပ်တန် ငွေစက္ကူအတုများနှင့် ငွေတုထုတ်သည့် မိတ္တူစက်များကို ခရီးသွားကားနှင့် သယ်ဆောင်လာသည့် လူပုဂ္ဂိုလ် (၃) ဦးကို ပုလဲမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ Royal Eagle က ဖမ်းမိခဲ့ကြောင်း သိရသည်။
အလားတူ အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း ၂၀၂၁ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းက အမေရိကန်ဒေါ်လာ ၁၀၀ တန်အတုများ ထုတ်လုပ်သည့်နေရာကို ရဲတပ်ဖွဲ့က စီးနင်းဖမ်းဆီးခဲ့ရသည်။