တရုတ်ကယ်ဆယ်ရေးအဖွဲ့များ မန္တလေးတွင် တစ်ရက်အတွင်း အသက်ရှင်ကျန်သူ (၄) ဦးကို ကယ်ထုတ်ထားနိုင်ကြောင်း ထုတ်ပြန်

တရုတ်ကယ်ဆယ်ရေးအဖွဲ့များ မန္တလေးတွင် တစ်ရက်အတွင်း အသက်ရှင်ကျန်သူ (၄) ဦးကို ကယ်ထုတ်ထားနိုင်ကြောင်း ထုတ်ပြန်

 မြန်မာငလျင်ဘေးကယ်ဆယ်ရေး နေရာများတွင် ရောက်နေသည့် တရုတ်ကယ်ဆယ်ရေးနှစ်ဖွဲ့သည် မန္တလေးမြို့ရှိ ငလျင်ဒဏ်သင့်နေရာနှစ်ခုတွင် ကူညီနေပြီး အသက်ရှင်ကျန်သူ (၄)ဦးကို ညတွင်းချင်း ကယ်ဆယ်လိုက်နိုင်သည်ဟု မြန်မာတရုတ်သံရုံးက ၂၀၂၅ ခုနှစ် မတ်လ (၃၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တရုတ်ကယ်ဆယ်ရေးအဖွဲ့နှင့် တရုတ် Tamunon Rescue အဖွဲ့တို့သည် မတ်လ (၃၁)ရက်နေ့အကူး နံနက် ၀၀ နာရီ ၄၀ မိနစ်တွင် ဂရိတ်ဝေါဟိုတယ်အပျက်အစီး အတွင်း ပိတ်မိနေသည့် အမျိုးသမီးတစ်ဦးကို ကယ်ထုတ်ခဲ့ပြီး Sky Villa ကွန်ဒိုအပျက်အစီးတွင်း ပိတ်မိနေသည့် အသက် (၅)နှစ်အရွယ် ကလေး (၁)ဦး၊ ကိုယ်ဝန်ဆောင်အမျိုးသမီး (၁)ဦးနှင့် အသက် (၂၉)နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ကို နံနက် (၅)နာရီ (၃၇)မိနစ်နှင့် နံနက် (၆)နာရီ မိနစ် (၂၀)တို့တွင် ကယ်ထုတ်နိုင်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

“ကိုယ်ဝန်ဆောင်အမျိုးသမီးကယ်တာ ထွက်လာပါပြီ။ အဆင်ပြေပါတယ်။ အထဲမှာလည်း ကယ်ရမယ့်သူတွေ အများကြီး ကျန်သေးတယ်။ ”ဟု Sky Valla ကွန်ဒိုတွင် ကယ်ဆယ်ရေးလုပ်နေသည့် တရုတ်ကယ်ဆယ်ရေးအဖွဲ့ကို ဘာသာပြန်ကူညီပေးနေသည့် မပိုးအိက ယနေ့နံနက် ကယ်ဆယ်ရေးအပြီးတွင် လူမှုကွန်ယက်၌ မျှဝေထားသည်ကို တွေ့ရသည်။

အဆိုပါ ကိုယ်ဝန်ဆောင်အမျိုးသမီး ကယ်ဆယ်ရေးအတွက် တစ်နေကုန် လုပ်ဆောင်ခဲ့ကြရပြီး ကယ်ဆယ်ရေးအတွက် လူအင်အား အများအပြားလိုအပ်နေသည်ဟုလည်း မပိုးအိက ပြောကြားထားပြီး တရုတ်ကယ်ဆယ်ရေးအဖွဲ့များသည် အဆိုပါနေရာများတွင် ညလုံးပေါက် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြကြောင်း တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ မတ်လ (၃၁)ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် ယနေ့ မန္တလေးမြို့ရှိ Sky Villa ကွန်ဒို အပျက်အစီးနေရာမှ အသက်ရှင်လျက် အမျိုးသမီး (၂)ဦးနှင့် အမျိုးသမီးရုပ်အလောင်း (၂)ခုတို့ကို တရုတ်ကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်းထုတ်ယူနိုင်ခဲ့ပြီး ဂရိတ်ဝေါဟိုတယ် အပျက်အစီးများကြားမှ အသက်ရှင်လျက် ကိုယ်ဝန်ဆောင် အမျိုးသမီး (၁)ဦး၊ အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၃)ဦးတို့၏ ရုပ်အလောင်းများကို တရုတ်၊ ရုရှား ကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ သယ်ထုတ်နိုင်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ ငလျင်ဘေး ကယ်ဆယ်ရေးအတွက် ရောက်လာကြသည့် တရုတ်ကယ်ဆယ်ရေးအဖွဲ့များသည် နေပြည်တော်တွင် ကယ်ဆယ်ရေးလုပ်နေကြပြီး အချို့မှာ မန္တလေးရှိ Sky Villa ကွန်ဒိုနှင့် ဂရိတ်ဝေါဟိုတယ်တို့တွင် ကူညီနေကြခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားသားများပါ နေထိုင်သည့် အထပ် (၁၁)လွှာရှိသည့် Sky Villa ကွန်ဒိုတွင် ကယ်ဆယ်ရေးအတွက် တရုတ်အဖွဲ့များ မတ်လ (၃၀)ရက်နေ့တွင် ရောက်လာကာ နည်းပညာ အပြည့်အစုံဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း သိရသည်။

 မတ်လ (၂၈)ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်ကိုင်းကို အခြေပြု၍ လှုပ်ခတ်သွားသည့် အင်အားပြင်းငလျင်ဒဏ်ကို အပြင်းထန်ဆုံး ခံလိုက်ရသည့် မန္တလေးနှင့် စစ်ကိုင်းတွင် အကူအညီများ မရကြဘဲ ပြည်သူများနှင့် အရပ်ဖက် လူမှုကူညီရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့တို့က နည်းပညာ မပြည့်မစုံဖြင့် တတ်နိုင်သမျှ ကူညီရေးလုပ်ခဲ့ကြရသည်။

ငလျင်လှုပ်ခတ်မှုကြောင့် Sky Villa အဆောက်အဦးပြိုကျသည့်နေ့တွင်ပင် ပိတ်မိနေသူများအား မီးသတ်တပ်ဖွဲ့ က ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်ခဲ့ရာ (၄၃)ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူ(၉)ဦးကို ရှာတွေ့ထားခဲ့ရာ ယနေ့အထိ အဆိုပါ အဆောက်အဦးမှ အသက်ရှင်လျက် (၄၅)ဦးနှင့် သေဆုံးသူ (၁၂)ဦးကို တွေ့ရှိ သယ်ထုတ်ထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။

မန္တလေးမြို့တွင် ငလျင်ဒဏ်ကြောင့် ပြိုကျသွားသည့် အဆောက်အဦများတွင် ပိတ်မိနေသူများ၊ သေဆုံးသွားသူများရှိနေပြီး မတ်လ (၃၁)ရက်နေ့အထိ ထိရောက်သည့် ရှာဖွေကယ်ဆယ်မှုများ မရကြကြောင်း သိရသည်။

ငလျင်ဒဏ်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ သေဆုံးသူ (၁,၇၀၀)ဦး၊ ဒဏ်ရာရ(၃,၄၀၀)ဦးနှင့် ပျောက်ဆုံး(၃၀၀)ဦးရှိကြောင်း စစ်ကောင်စီက မတ်လ (၃၀)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မတ်လ (၂၈)ရက်နေ့ ငလျင်လှုပ်သည့်နေ့မှာပင် စစ်ကောင်စီက ငလျင်ဒဏ်ခံရသည့် ဒေသအားလုံးအား အရေးပေါ်အခြေအနေကြေညာလိုက်ပြီး နိုင်ငံတကာအကူအညီများ တောင်းခံထားခြင်းဖြစ်သည်။