ချင်းတွင်းမြစ်အတွင်း သိမ်းဆည်းရမိသည့် ပျူစောထီးများ၏ ကုန်ပစ္စည်းများကို အကြမ်းဖက် ဖျက်ဆီးခံရသည့် ကျေးရွာများသို့ မင်းကင်း PDF က ပြန်လည် ခွဲဝေပေး

Photo: မင်းကင်း PDF
Photo: မင်းကင်း PDF
ချင်းတွင်းမြစ်အတွင်း သိမ်းဆည်းရမိသည့် ပျူစောထီးများ၏ ကုန်ပစ္စည်းများကို အကြမ်းဖက် ဖျက်ဆီးခံရသည့် ကျေးရွာများသို့ မင်းကင်း PDF က ပြန်လည် ခွဲဝေပေး
ဖေဖော်ဝါရီ 12, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အတွင်း ရေကြောင်းထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်နေသည့်  မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်သိ ပြည်သူများ၏ သတင်းပေးမှုကြောင့် ကျပ်သိန်းပေါင်း (၁၅၀)ကျော် တန်ဖိုးရှိ ပန်းဆက် ပျူစောထီးတို့၏ ကုန်ပစ္စည်းများကို သိမ်းဆည်းရမိပြီး အကြမ်းဖက် ဖျက်ဆီးခံခဲ့ရသည့် ကျေးရွာများသို့ ပြန်လည်ခွဲဝေပေးလိုက်ကြောင်း မင်းကင်း PDF က  သတင်းထုတ်ပြန်လာသည်။

 

ပန်းဆက်၊ တောင်ဖြူရွာ နှင့် အခြားကျေးရွာများမှ စစ်ကောင်စီအားပေး ပျူစောထီးများက  ဝယ်ယူထားသော ကျပ်သိန်း(၁၅၀)ကျော်တန်ဖိုးရှိ ကုန်ပစ္စည်းများအား ရေလမ်းမှတဆင့် သယ်ဆောင်လာစဉ်  ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁၁)ရက်နေ့က ဖမ်းဆီးသိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးသိမ်းဆည်းရမိသည့် ကုန်ပစ္စည်းများတွင်  လူသုံးကုန်၊ စားသောက်ကုန်၊ ရေနံပေပါ၊ အရက်ဖာများ ပါဝင်ရာ အရက်ဖာများကို ဖျက်ဆီးပြီး ကျန်ရှိသည့် ပစ္စည်းများကို စစ်ကောင်စီတပ် နှင့် ပျူစောထီးတို့၏ မီးရှို့ဖျက်ဆီးခြင်း ခံရသည့် ကျေးရွာများသို့ ခွဲဝေ ပို့ဆောင်ပေးလိုက်ကြောင်း သိရသည်။ 

စစ်ကောင်စီ နှင့် ပျူစောထီး တို့၏ ဆက်နွယ်သော ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းများ လုံးဝ မလုပ်ကြရန် နှင့် တားမြစ်ထားသည်ကြားက ၎င်းတို့ဘက်က သယ်ယူမှုများ ပြုလုပ်ပါက မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အကြောင်းကြားပေးရန်လည်း အသိပေး မေတ္တာရပ်ခံထားရှိသည်။

 

 မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ရင်း(၁)မှ ရေကြောင်းက ဖမ်းဆီးရမိသည့် ကျောက်စိမ်းများကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ထံ အပ်နှံခဲ့ပြီးကြောင်းလည်း သိရသည်။