ငလျင်ဒဏ်သင့်သွားသည့် နေပြည်တော်ရှိ စစ်တပ်အဆောက်အဦးများကို မည်သည့်အဖွဲ့အစည်းကိုမှ မဝင်ခိုင်းဘဲ အားခြင်းပြင်နေသည်ဟု တပ်တွင်းသတင်းအရင်းအမြစ်ထံမှ သိရသည်။
၂၀၂၅ခုနှစ် မတ်လ(၂၈)ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် နေပြည်တော်ရှိ စစ်ရုံးချုပ်အပါအဝင် စစ်တပ်ပိုင်အဆောက်အဦးများ ပြိုကျပျက်စီးသွားသော်လည်း သတင်းထုတ်ပြန်ခြင်းမရှိဘဲ စစ်ကောင်စီတပ်သားများဖြင့် အားချင်းပြင်နေသည်ဟု ဆိုသည်။
“နေပြည်တော်နဲ့ပတ်သက်တဲ့ အဆောက်အဦးတွေကို ဘယ်လောက်ထိခိုက်တယ်ဆိုတာကို သတင်းမထုတ်ပြန်ဘဲ သတင်းထိန်ချန် ဖုံးကွယ်ထားတာက ဘယ်လောက်တောင် ထိခိုက်ဆုံးရှုံးသွားတယ်ဆိုတာကို မသိစေချင်တာ။ တော်လှန်ရေးအဖွဲ့တွေ သိသွားမှာစိုးလို့ မသိစေချင်တာ။”ဟု တပ်တွင်းသတင်းအရင်းအမြစ်က Tachileik News Agency ကို ၂၀၂၅ခုနှစ် ဧပြီလ (၁)ရက်နေ့တွင် ပြောသည်။
နေပြည်တော်ရှိ စစ်ကောင်စီ၏ ရုံးအဆောက်အဦးများ၊ ဝန်ထမ်းအိမ်ယာများ ပျက်စီးဆုံးရှုံးမှုများပြီး ဆောက်ထားသည့် စစ်တပ်အဆောက်အဦးများ၏ ကြံ့ခိုင်မှုပုံစံ စနစ်မကျခြင်း၊ သုံးထားသည့် ဘိလပ်မြေစံနှုန်းမမှီခြင်းများကို ဖုံးကွယ်လို၍ မထုတ်ပြန်ခြင်းဖြစ်သည်ဟု ဆိုသည်။
“သူတို့ရဲ့ လူပုဂ္ဂိုလ်တွေရှိတဲ့နေရာတွေ ရုံးအဆောက်အဦးတွေ အစည်းအဝေးအဆောက်အဦးရှိတဲ့နေရာတွေကို အားချင်းပြင်ဖို့ လုပ်နေတယ်။ ကျန်တဲ့ ရုံးဝန်ထမ်း အဆောက်အဦးပြိုကျတဲ့နေရာတွေကို အပြည်အဝ ကူညီမပေးနိုင်ဘူး။ ထောက်ပံ့မှုလည်း မလုပ်နိုင်ဘူး။”ဟု တပ်တွင်းသတင်းအရင်းအမြစ်က ဆက်ပြောသည်။
နေပြည်တော်ကို နိုင်ငံတကာမှ ကယ်ဆယ်ရေးများ ဝင်ရောက်လုပ်ကိုင်ပေးထားသော်လည်း စစ်ကောင်စီက ခွင့်ပြုပေးသည့် နေရာများကိုသာ အကန့်အသတ်ဖြင့် ကယ်ဆယ်ရေးလုပ်ကိုင်နေရကာ ၎င်းတို့နှင့် ပတ်သက်သည့် နေရာများကို သိရှိသွားမည်စိုးရိမ်၍ ပိတ်ပင်ထားခြင်းများရှိသည်ဟု ဆိုသည်။
“အခု ဝန်ထမ်းတွေထဲကနေ စကားသံတွေ ထွက်လာတယ်။ လက်ရှိဖြစ်နေတာတောင်မှ သူတို့တွေကို ရုံးတက်ခိုင်းတာတွေ၊ ရုံးလာခိုင်းတာ၊ ရုံးလုပ်ငန်း လုပ်ခိုင်းတာတွေရှိတယ်။ သူတို့ကို ဘယ်ရက်အထိ ရုံးလုပ်ငန်း ရပ်နားပါတယ်ဆိုတာမျိုးကို ကြေညာချက်တွေထုတ်သင့်တယ်။ ဒါပေမယ့် မလုပ်ဘူး။ သူတို့စီမံခန့်ခွဲမှုက အရမ်းကို ညံ့တယ်။ တကယ်ကို အသုံးမကျတဲ့ စီမံခန့်ခွဲမှုနဲ့ လုပ်နေတာဖြစ်လို့ ဒီထက်မက ဆုံးရှုံးနစ်နာမှုတွေ အသက်ဆုံးရှုံးမှု တွေထပ်ပြီး ကြားရဦးမှာပဲ။”ဟု တပ်တွင်းသတင်းအရင်းအမြစ်က ဆက်ပြောသည်။
နေပြည်တော်တွင် ဝန်ထမ်းအိမ်ရာများ ပြိုကျမှုလောက်သာ စစ်ကောင်စီဘက်က ဖော်ပြခဲ့ပြီး စစ်ကောင်စီနှင့် သက်ဆိုင်သည့် စစ်ရုံးချုပ်ပြိုကျမှုမှာလည်း အယ်ဂျားဇီးယား သတင်းထောက်၏ ရိုက်ကူးထုတ်လွှင့်မှုကြောင့်သာ သိရှိခဲ့ရခြင်းဖြစ်သည်။
ထို့အပြင် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးရုံးပြိုကျမှုကိုလည်း ထုတ်ပြန်ခဲ့ခြင်းမရှိဘဲ အာဆီယံအစည်းအဝေးကို စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးတက်ရောက်သည့် ဓာတ်ပုံထုတ်ပြန်ရာက အမှတ်မထင်တွေ့ရှိခဲ့ကြရ ခြင်းဖြစ်သည်။
#TachileikNewsAgency