ဆိပ်ဖြူမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ နှစ်ရက်ခွဲကြာ တိုက်ပွဲဖြစ်ပွား

ဆိပ်ဖြူမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ နှစ်ရက်ခွဲကြာ တိုက်ပွဲဖြစ်ပွား
ဖေဖော်ဝါရီ 6, 2022 | အခြားဒေသများ
By Tachileik News Agency

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်း ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၂) ရက်နေ့ နေ့လယ် (၃) နာရီဝန်းကျင်မှစ၍ (၄) ရက်နေ့ ညနေပိုင်းအထိ အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ အာဏာသိမ်းစစ်တပ်က အနီးဝန်းကျင်ကျေးရွာဘက်ကိုပါ လက်နက်ကြီး အချက်ရေ (၃၀)ဝန်းကျင် ပစ်ခတ်တိုက်ခိုက်ကာ ဒေသခံ (၁၅) ဦးကို လက်ပြန်ကြိုးတုပ်၍ လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ပြည်သူ့စွမ်းအားတပ်ပေါင်းစုစခန်းက ဖွင့်လှစ်ထားသည့် နေ့စဉ်ပြင်ပလူနာ ရာဂဏန်းကုသပေးနေသည့် ဆေးခန်းမှ ဆေးဝါး၊ ကုသရေးပစ္စည်းများနှင့် ဆိုင်ကယ် (၁၅)စီးကို မီးရှို့ဖျက်ဆီးသွားခဲ့သည့်အပြင် အနီးရှိကျေးရွာတွင်း ဝင်ရောက်မွှေနှောက်၍ ဖျက်ဆီးစဉ် အသက် (၆၉)နှစ်အရွယ် အဘွားအိုတစ်ဦးလည်း ပစ်သတ်သွားကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကို  ပြည်သူ့စွမ်းအားတပ်ပေါင်းစု၊ ပေါက်မြို့နယ်တောင်ပိုင်းပြောက်ကျားတပ်ဖွဲ့ တပ်ရင်း (၁)၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (People's Defence Force Magway)၊ အခြားမဟာမိတ်တပ်ဖွဲ့များပါဝင်သည့်ပူးပေါင်းအဖွဲ့ဖြင့် ခုခံတိုက်ခိုက်မှုအတွင်း အာဏာသိမ်းတပ်ဘက်မှ သေဆုံး၊ ထိခိုက်မှုများရှိခဲ့ပြီး ဒဏ်ရာရသွားသူများကို ကန်ဇွန်းမတွင် ခေတ္တအထိုင်ချ၍ တပ်ဆေးခန်းဖြင့် ကုသနေကြကြောင်း သိရသည်။

အဆိုပါ နှစ်ရက်ခွဲကြာ တိုက်ခိုက်မှုအတွင်း သက်ကြီးရွယ်အိုစစ်ရှောင်ပြည်သူများ၊ ဆေးကုသမှုခံယူနေသည့် လူနာ (၁၅)ဦးနှင့် ဒေသအတွက် ဆေးသင်တန်းတက်မည့်သူများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဘေးလွတ်ရာသို့ ပို့ပေးနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။