စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန်းယိန်းဦးဆောင်သည့် ကချင်အထူးဒေသ(၁)ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပြီးနောက် အထူးဒေသဆိုသည့် သတ်မှတ်ချက်အားပယ်ဖျက်ကာ ဒေသခံများအား ဘက်စုံဖွံ့ ဖြိုးတိုးတက်ရေး အတူတကွလုပ်ရန် KIA က ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ဖိတ်ခေါ်သည်။
စစ်ကောင်စီက သတ်မှတ်ပေးထာသည့် ကချင်အထူးဒေသ(၁)ဖြစ်သော ချီဖွေ၊ ဆော့လော့၊ ပန်ဝါ၊ ဖီမော်၊ ကန်ဖန် ၊ လန်ဆယ်မြို့နှင့် တရုတ်-မြန်မာနယ်စပ်ရှိ ကန်ပိုက်တီမြို့တို့ကို KIA ပူးပေါင်းတပ်များက ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၀)ရက်နေ့တွင် သိမ်းပိုက်ပြီးနောက် ယနေ့ နိုဝင်ဘာလ (၂၈)ရက်နေ့တွင် အထူးဒေသသတ်မှတ်ချက်ကို KIAဘက်က ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။
KIA ၏ ယနေ့ထုတ်ပြန်ချက်တွင် ယခင် စစ်အာဏာရှင်အစိုးရများမှ ၎င်းတို့အာဏာခိုင်မြဲစေရန်အတွက် ကချင်အထူးဒေသ(၁)ဟူ၍ ခွဲခြားသတ်မှတ်အုပ်ချုပ်ခဲ့သောကြောင့် ကချင်လူမျိုးများ၏ စည်းလုံးညီညွတ်မှုကို ထိခိုက်စေသည်ဟု ဆိုသည်။
ကချင်လူမျိုးများသာမက ကချင်ဒေသအတွင်းရှိ တိုင်းရင်းသားပြည်သူများ စိတ်ဝမ်းကွဲမှုမရှိဘဲ အတူတကွ တန်းတူနေထိုင်ရေးအတွက် ကချင်အထူးဒေသ(၁)ဟု ခွဲခြားသတ်မှတ်ထားသော နယ်မြေများကို တပေါင်းတစည်းတည်းဖြစ်အောင် ရယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ယခုမှစ၍ ကချင်အထူးဒေသ(၁)ဟူသော သတ်မှတ်ချက်မရှိတော့ကြောင်း၊ ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေးများ ဆုံးရှုံးထိခိုက်မှုမဖြစ်စေဘဲ လူသားခြင်းစာနာထောက်ထားမှု အခြေခံသည့် မူဝါဒနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန်ပြန်လည်ကြိုးစားတည်ဆောက်သွားမည်ဟု ဆိုသည်။
ယခင် ကချင်အထူးဒေသ(၁) အုပ်ချုပ်မှုလက်အောက်တွင်ရှိခဲ့သော ဌာနေပြည်သူများ၊ ရင်းနှီးမြှုပ်နှံသူများအားလုံး စိုးရိမ်စိတ်မထားရှိဘဲ KIO နှင့်ပူးပေါင်းကာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ တည်ဆောက်သွားကြရန် ဖိတ်ခေါ်သည်ဟု ထုတ်ပြန်သည်။
ဦးဇခုန်တိန်းယိန်းဦးဆောင်သည့် ကချင်ဒီမိုကရေစီသစ်တပ်မတော် အဖွဲ့သည် စစ်အစိုးရနှင့် အပစ်ရပ်ပြီးနောက် ကချင်အထူးဒေသ(၁)အဖြစ် ဖွဲ့စည်းကာ စစ်ကောင်စီအတွက် ပြည်သူ့စစ်အနေဖြင့် ရပ်တည်ခဲ့ခြင်း ဖြစ်သည်။
ကချင်အထူးဒေသ(၁)ကို KIA သိမ်းပိုက်စဉ် နောက်ဆုံးသိမ်းပိုက်ခဲ့သော ကန်ပိုက်တီမြို့သည် တရုတ်-မြန်မာ ကုန်သွယ်ရေးစခန်းတည်ရှိရာနေရာဖြစ်ပြီး ပန်ဝါဒေသမှာ မြေရှားသတ္တုထွက်ရှိရာ ဒေသဖြစ်ခြင်းကြောင့် စစ်ကောင်စီအတွက် ဝင်ငွေရလမ်း ထိုးနှက်ချက်ဖြစ်လာသည်။
ကချင်အထူးဒေသ (၁)ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းအခြေစိုက်ရာ ပန်ဝါကိုထိုးစစ်ဆင်ချိန်တွင် တရုတ်နိုင်ငံဘက်က တိုက်ပွဲများရပ်ဆိုင်းရန် ဖိအားပေးခဲ့သဖြင့် KIAက ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံနယ်စပ်ရှိ နယ်စပ်ကုန်သွယ်ရေးဂိတ်များအားလုံးကို ပိတ်ပစ်သည်အထိ တင်းမာခဲ့သည်။
#TachileikNewsAgency
Photo: Internet (ပုံဟောင်း)