ကန့်ဘလူမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှုကြောင့် ကံကြီးရွာမှ ဒေသခံများ ကျေးရွာတွင်း ပြန်မဝင်ရဲသေး၍ တိမ်းရှောင်နေကြရဆဲ

ကန့်ဘလူမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှုကြောင့် ကံကြီးရွာမှ ဒေသခံများ ကျေးရွာတွင်း ပြန်မဝင်ရဲသေး၍ တိမ်းရှောင်နေကြရဆဲ
ဇန်နဝါရီ 7, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကံကြီးရွာကို အာဏာသိမ်းစစ်တပ်က ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၇) ရက်နေ့ နံနက်အစောပိုင်းက ဝင်ရောက်၍  နေအိမ်များ မီးရှို့၊ ပစ်ခတ်မှုများလုပ်၍ တိမ်းရှောင်နေရသည့် ဒေသခံများမှာ ညပိုင်းအချိန်ထိ ကျေးရွာတွင်း ပြန်မဝင်ရဲသေးဘဲ တိမ်းရှောင်နေကြရဆဲဖြစ်ကြောင်း သိရသည်။

နေ့လယ်က ရွာထဲတစ်ချို့ ပြန်ကြတာ။ ပြန်ဝင်လာပြီသတင်းကြားလို့ ထပ်ပြီးထွက်ပြေးကြရတာ။ ဒီညတော့ တောထဲနေကြရမှာ။ တောထဲဆိုတော့ အရမ်းအေးတယ်။ သက်ကြီးရွယ်အိုတွေ တော်တော်ဒုက္ခဖြစ်တယ်။ မနက်က ဖမ်းသွားတဲ့ ၂၂ ယောက်ထဲက ၂ ယောက်အသတ်ခံလိုက်ရတယ်လည်း ကြားတယ်။ သေချာတော့ မသိသေးဘူး။ အဲဒီလိုကြားတာ။ ဖမ်းခံရတဲ့အထဲ မိန်းကလေးတွေလည်း ပါသွားတယ်

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

အာဏာသိမ်းစစ်တပ်က ကံကြီးရွာအရှေ့ပိုင်းကို နံနက်အစောပိုင်း (၄)နာရီဝန်းကျင်တွင် ဝင်လာပြီး နေအိမ်များကို မီးရှို့၊ လက်နက်ကြီး လက်နက်ငယ်ဖြင့် ပစ်ခတ်မှုများပြုလုပ်ပြီး ဒေသခံ (၂၀) ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။  

အာဏာသိမ်းစစ်တပ်သည် ကံကြီးရွာကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ (၁၇) ရက်နေ့ကလည်း ဝင်ရောက်စီးနင်းပြီး နေအိမ်များ မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားပြည်သူများ၏ ပိုင်ဆိုင်မှုပစ္စည်းများ ခိုးယူသွားခြင်းများ လုပ်ခဲ့သည်ကိုလည်း တွေ့ရသည်။

အာဏာသိမ်းစစ်တပ်သည် မြို့ရွာများကို ဝင်စီး၍ လူနေအိမ်များ မီးရှို့ခြင်း၊ ပစ္စည်းများ ယူငင်၊ ဖျက်ဆီးခြင်း၊ အကြမ်းဖက် ဖမ်းဆီး၊ သတ်ဖြတ်ခြင်းစသည့် ကျင့်ဝတ်မဲ့သည့်လုပ်ရပ်များကို အာဏာသိမ်းပြီးနောက်ပိုင်း ဒေသအနှံ့အပြားတွင် လုပ်နေသည်ကို တွေ့ရသည်။