ချင်းတွင်းမြစ်ကြောင်းတွင် သောင်တင်နေသည့် အာဏာသိမ်းတပ်ရေယာဉ်အုပ်စုကို ဒေသကာကွယ်ရေးအဖွဲ့များက မိုင်းတင်ထားသည့် ဖောင်ဖြင့် ဖောက်ခွဲ တိုက်ခိုက်

ချင်းတွင်းမြစ်ကြောင်းတွင် သောင်တင်နေသည့် အာဏာသိမ်းတပ်ရေယာဉ်အုပ်စုကို ဒေသကာကွယ်ရေးအဖွဲ့များက မိုင်းတင်ထားသည့် ဖောင်ဖြင့် ဖောက်ခွဲ တိုက်ခိုက်
ဒီဇင်ဘာ 14, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်းအတွင်း ချင်းတွင်းမြစ်ကြောင်းမှ ကျောက်စိမ်းသယ်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်၏ ရေယာဉ်အုပ်စုက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၃) ရက်နေ့ နေ့လယ်ပိုင်းတွင် ကနီမြို့နယ်၊ အင်းလယ်ချောင်ရွာအနီး သောင်တင်နေစဉ် ဒေသကာကွယ်ရေးအဖွဲ့များက ပူးပေါင်း၍ ဖောင်ပေါ်မိုင်းတင်ကာ ဖေါက်ခွဲတိုက်ခိုက်၍ အာဏာသိမ်းတပ်မှ (၁၀)ဦးထက်မနည်း သေမည်ဟု ခန့်မှန်းထားကြသည်။

ကျောက်စိမ်းသယ်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်ရေယာဉ်အုပ်စုနှင့် ချင်းတွင်းမြစ်ကြောင်းတလျှောက်ရှိ ဒေသကာကွယ်ရေးအဖွဲ့များကြား တိုက်ခိုက်မှုများရှိနေကြပြီး အာဏာသိမ်းတပ်ဘက်မှ လက်နက်အင်အားသာလွန်နေသော်လည်း ဒေသကာကွယ်ရေးအဖွဲ့များက လက်လုပ်ရေမြုပ်မိုင်းများ၊ ဖောင်တွင် မိုင်းများတင်၍ အနားကပ်ဖေါက်ခွဲခြင်းနည်းလမ်းများကိုသုံး၍ ပြန်လည်တိုက်ခိုက်နေကြခြင်းဖြစ်သည်။

ယမန်နေ့တိုက်ခိုက်မှုကို KLG PDF နှင့် ဒေသတွင်း ညီနောင်မဟာမိတ်များဖြစ်ကြသည့် MPDF၊ Golden Triangle Force၊ CHUPDF နှင့် DRPA တို့ပူးပေါင်းတိုက်ခိုက်ကြခြင်းဖြစ်ကြောင်း သိရသည်။

ယမန်နေ့ကလည်း အာဏာသိမ်းစစ်တပ် ရေယာဉ်အုပ်စုမှ ရေယာဉ်တစ်စီးမှာလည်း ဒေသကာကွယ်ရေးအဖွဲ့များ၏ ရေမြုပ်မိုင်းကြောင့် ပျက်စီးနစ်မြုပ်နေသည်ကိုလည်း တွေ့ရသည်။