ချင်းတွင်းမြစ်ကြောင်းမှ ရိက္ခာသယ်လာသည့် အာဏာသိမ်းစစ်တပ်ကို ကနီနှင့်မင်းကင်း ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်

ချင်းတွင်းမြစ်ကြောင်းမှ ရိက္ခာသယ်လာသည့် အာဏာသိမ်းစစ်တပ်ကို ကနီနှင့်မင်းကင်း ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်
နိုဝင်ဘာ 23, 2021 | အခြားဒေသများ

ချင်းတွင်းမြစ်ကြောင်းမှတစ်ဆင့် ရိက္ခာသယ်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်၏ အမြန်ယာဉ် စပိဘုတ် (၂) စီးကို စစ်ကိုင်းတိုင်း ကနီနှင့် မင်းကင်းမြို့နယ်အတွင်း ဒေသကာကွယ်ရေးအဖွဲ့များက   ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၃) ရက်နေ့ နေ့လယ်ပိုင်းတွင် ပူးပေါင်းတိုက်ခိုက်ကြောင်း သိရသည်။



မင်းကင်းမြို့နယ်အတွင်း ဝင်လာသည့် အာဏာသိမ်းတပ်၏ ရေယာဉ်များကို MDF Special Force နှင့် မင်းကင်း PDF 1 တို့ က အပြန်အလှန်ပစ်ခတ်မှုအတွင်း အာဏာသိမ်းတပ်ဘက်မှ အထိအခိုက်သေဆုံးကို အတိအကျမသိရသော်လည်း အထိနာသွားသည်ဟု ဒေသကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ယနေ့ ချင်းတွင်းမြစ်ကြောင်းတလျှောက် ဆန်တက်လာရာတွင် ကနီဒေသမှတစ်ဆင့် မင်းကင်းဒေသဘက်သို့ သွားရာလမ်းတလျှောက် ယခင်က မြစ်ကမ်းမှ တိုက်ခိုက်ခံခဲ့ရဖူးသည့်နေရာများကို လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်မှုများလုပ်၍ ဆန်တက်လာခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။



 

ယနေ့ နံနက်ပိုင်းတွင် ချင်းတွင်းမြစ်ကြောင်းမှ ဆန်တက်လာသည့် အာဏာသိမ်းစစ်တပ်၏ ရေယာဉ်များကို ကနီအထက်ပိုင်းမှ မင်းကင်းနယ်အထိ တလျှောက် ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ကြပြီး နေ့လယ် (၁)နာရီခွဲတွင် အာဏာသိမ်းတပ်၏ရေယာဉ်များ မင်းကင်းနယ်အတွင်း ဝင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



အဆိုပါ တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရသွားပြီး အာဏာသိမ်းတပ်ဘက်မှ သေဆုံးထိခိုက်စာရင်းကို မသိရသော်လည်း ရေယာဉ်အစိတ်အပိုင်းအချို့ ပျက်စီးသွားကြောင်း သိရသည်။

ယင်းယိမ်တွင် တပ်စွဲထားသော အာဏာသိမ်းစစ်တပ်နှင့် ၎င်းတို့လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးအဖွဲ့များအား ရေယာဉ်ဖြင့် သယ်သွားပြီး ဘုမ္မဇင်းရွာတွင် တပ်ဖြန့်ချထားခဲ့ကြောင်းလည်း သိရသည်။