ဝမ်းတွင်းမြို့နယ်အတွင်း သုံးဒေါင့်အိုင်အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခတ် ခြိမ်းခြောက်ခံရပြီးနောက် အုပ်ချုပ်ရေးမှူးအဖြစ်က နှုတ်ထွက်

ဝမ်းတွင်းမြို့နယ်အတွင်း သုံးဒေါင့်အိုင်အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခတ် ခြိမ်းခြောက်ခံရပြီးနောက် အုပ်ချုပ်ရေးမှူးအဖြစ်က နှုတ်ထွက်
အောက်တိုဘာ 30, 2021 | အခြားဒေသများ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ သုံးဒေါင့်အိုင်ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခတ် ခြိမ်းခြောက်ခံရပြီးနောက် ၎င်းသည် အုပ်ချုပ်ရေးမှူးအဖြစ်က နှုတ်ထွက်လိုက်ကြောင်း သိရသည်။

မနေ့ နေ့ခင်း(၁၁)နာရီက သေနတ်နဲ့ အပစ်ခံရတယ်။ ကျည်မှန်တော့ မမှန်ဘူး။ ခြိမ်းခြောက်ရုံလောက်ပဲ။ ညနေရောက်တော့ သူ့ facebook အကောင့်မှာ တင်လာတယ်

ဟု အောက်တိုဘာလ(၃၀)ရက်နေ့တွင် ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၉)ရက်နေ့က သေနတ်ဖြင့် ပစ်ခတ်ခံရသည့် သုံးဒေါင့်အိုင်ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူး နေမင်းထွန်း(ခ)မဲလေးဆိုသူသည် နေ့ခင်းပိုင်းက သေနတ်ဖြင့် ပစ်ခတ် ခြိမ်းခြောက် ခံရပြီးနောက် "သုံးဒေါင့်အိုင်ရွာသစ်နေ ကျွန်တော် နေမင်းထွန်း(ခ)မဲလေးသည် အုပ်ချုပ်ရေးမှူး မဟုတ်ကြောင်း ယခုချိန်မှစ၍ ဘယ်အဖွဲ့အစည်းနှင့်မှ မပတ်သတ်တော့ပါကြောင်း အသိပေးအပ်ပါသည်"ဟု ၎င်း၏ Facebook တွင် ရေးသားထားသည်ကို တွေ့ရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အများစုမှာ အာဏာသိမ်းစစ်ကောင်စီ နှင့် စစ်တပ်၏ သတင်းပေးဒလန်များအဖြစ် နာမည်ဆိုးများ ထွက်ပေါ်နေသည့်အတွက် ပြည်သူအပေါ် သစ္စာဖောက်မှုများ မပြုလုပ်ရန် ဒေသကာကွယ်ရေးအဖွဲ့များက ပထမအဆင့်အနေဖြင့် ယခုလို သတိပေးမှုများ လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။