စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်အတွင်း ကျောက်ရစ်စခန်းအား ဒေသကာကွယ်ရေးနှင့် PDF အဖွဲ့များ ပူးပေါင်းပြီး အချိန် (၂)နာရီအကြာ တိုက်ပွဲဖြစ်ပွားရာ အာဏာသိမ်းအကြမ်းဖက် စစ်တပ်ဘက်က (၅)ဦးအထက် သေဆုံးပြီး ဒေသကာကွယ်ရေးတပ်သား(၁)ဦး ဒဏ်ရာရရှိကြောင်း အောက်တိုဘာလ(၂၅)ရက်နေ့ နံနက်ပိုင်းက ပြည်ထောင်စုကာကွယ်ရေးနှင့်လွတ်မြောက်ရေး မဟာမိတ်တပ်ပေါင်းစု(UDLA)က သတင်းထုတ်ပြန်ထားရှိသည်။
မြောင်မြို့နယ်တွင်းရှိ ကျောက်ရစ်စခန်းကို နှလုံးလှလူမိုက်ကြီးများအဖွဲ့၊ MGN TIGER အဖွဲ့၊ CDSOM အဖွဲ့၊ MSPDF အဖွဲ့၊ 27 Revolution Force အဖွဲ့၊ တလုပ် PDF အဖွဲ့၊ မြင်းမူလျှပ်စီး အဖွဲ့ စသည့် ညီနောင်မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းပြီး ဝင်တိုက်ကြခြင်း ဖြစ်ကြောင်း သိရသည်။
၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၄)ရက်နေ့က အချိန်(၂)နာရီကြာ အပြန်အလှန်တိုက်ခိုက်ကြရာ အာဏာသိမ်းစစ်တပ်ဘက်က (၅)ဦးအထက် သေဆုံးနိုင်ပြီး အပြန်အလှန်တိုက်ခိုက်မှုများကြောင့် ဒေသကာကွယ်ရေးတပ်သား (၁)ဦး၏ ပါးတွင် ကျည်ထိမှန်သည့်အတွက် သွား(၄)ချောင်း ကျွတ်သွားသလို လည်ပင်းရှပ်ထိပြီး ဒဏ်ရာရရှိခဲ့သော်လည်း ပြင်းထန်မှုမရှိကြောင်း UDLA က သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။
အပြန်အလှန်ပစ်ခတ်မှုများကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့၏ ကားတစ်စီးမှာလည်း ဇကာပေါက်ဖြစ်သွားပြီး ဘီးကျွံသွားသည့်အတွက် ကားကို ပြန်မယူနိုင်တော့ဘဲ ဒဏ်ရာရရှိသည့် တပ်ဖွဲ့ဝင်အား ထမ်းခေါ်လာကာ ပြန်လည်ဆုတ်ခွာခဲ့ကြကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်၏ အနောက်ဖက်ခြမ်းသို့ အာဏာသိမ်းစစ်တပ်ဘက်က အင်အား(၁၀၀)ဝန်းကျင်သည် အောက်တိုဘာလ(၂၄)ရက်နေ့ နေ့လည်(၁)နာရီဝန်းကျင်အချိန်က စစ်ဆင်ရေးပြုလုပ်လာကြောင်း သိရသည်။