ခရီးသွားပြည်သူများ ဘေးကင်းရေး မန္တလေး - မုံရွာကားလမ်းကို လုံးဝအသုံး မပြုကြဘဲ ရောက်သည့်နေရာတွင် ယာဉ်များရပ်ထားကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ သတိပေး

ခရီးသွားပြည်သူများ ဘေးကင်းရေး မန္တလေး - မုံရွာကားလမ်းကို လုံးဝအသုံး မပြုကြဘဲ ရောက်သည့်နေရာတွင် ယာဉ်များရပ်ထားကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ သတိပေး
နိုဝင်ဘာ 24, 2021 | အခြားဒေသများ

မန္တလေး - မုံရွာလမ်းပိုင်းကို လုံးဝအသုံးမပြုကြဘဲ ရောက်သည့်နေရာတွင် ယာဉ်များရပ်ထားကြရန် မေတ္တာရပ်ခံ အထူးသတိပေးချက်တစ်ရပ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၄) ရက်နေ့တွင် ထုတ်ပြန်အသိပေးထားသည်။

အဆိုပါ လမ်းပိုင်းကို  အရေးကြီး ကျန်းမာရေးကိစ္စရပ်များမှလွဲ၍ တတ်နိုင်သမျှအသုံးမပြုကြရန်ကိုလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးထားကာ မဖြစ်မနေသွားလာရပါကလည်း အရပ်သားကားများဖြစ်ကြောင်း သိသာစေရန် အလံဖြူထောင်ခြင်း၊ မှန်များချ၍မောင်းနှင်ခြင်းများပြုလုပ်ကြရန်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ သတိပေးချက်၊ မေတ္တာရပ်ခံချက်များအား သတိပြုလိုက်နာကြရန် ထုတ်ပြန်တိုက်တွန်းထားခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီ၏တပ်များက အရပ်သားများဟန်ဆောင်ကာ သွားလာခြင်းများလုပ်နေပြီး အရပ်သားကားများအနေဖြင့် အလံဖြူထောင်၍ မောင်းနှင်ခြင်း၊ မှန်များချ၍မောင်းနှင်ခြင်းမပြုကြရန် အာဏာသိမ်းအဖွဲ့က ကြေငြာချက်ထုတ်ထားသည်ကိုလည်း တွေ့ရသည်။

ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့အများအပြားက အများပြည်သူအနေဖြင့် မုံရွာ - မန္တလေး လမ်းမကြီးအား တတ်နိုင်သမျှ အသုံးမပြုကြပါရန် အနူးအညွတ် မေတ္တာရပ်ခံတောင်းပန်ကြောင်းနှင့် မဖြစ်မနေ အသုံးပြုရပါကလည်း စစ်ကားများနှင့် တတ်နိုင်သမျှဝေးရာမှ မောင်းနှင်ကြရန် အသိပေးထားသည်။

လက်နက်အင်အားများပြားလွန်းသည့် အာဏာသိမ်းစစ်တပ်ကို ရရာလက်နက်ဖြင့် တော်လှန်နေသည့် ပြည်သူ့တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်မှုများအတွင်း အများပြည်သူမထိခိုက်စေရေး သတိပေးချက်များ ထုတ်ပြန်အသိပေးခြင်းများကိုပြုလုပ်နေပြီး အများပြည်သူအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်ကိုလည်း မေတ္တာရပ်ခံထားသည်။