မြန်မာ့အရေးအတွက် ခန့်အပ်လိုက်သည့် အာဆီယံအထူးသံတမန်၏ ကြားဝင်စေ့စပ်ခြင်းများကို နိုင်ငံ၏ ပကတိနိုင်ငံရေးအခြေအနေနှင့် လိုက်လျောညီထွေဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်မည်ဟု ၂၀၂၁ ခုနှစ် ဩဂုတ်လ (၅) ရက်နေ့တွင် ထုတ်ပြန်သည့် PPST အစည်းအဝေးဆုံးဖြတ်ချက်တွင် ဖေါ်ပြထားသည်။
“ကျွန်တော်တို့ကတော့ NCA အသိသက်သေနိုင်ငံတွေနဲ့ ကုလတို့ EU တို့နဲ့ ကြားဝင်စေ့စပ်ရေးကိစ္စတွေကို ပူးပေါင်းဆောင်ရွက်နေတာရှိပါတယ်။ နိုင်ငံ့အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်ရေးဆိုတာမှာ အာဆီယံရဲ့ သဘောတူညီချက် (၅) ချက်ထဲမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဓိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးရေးဆိုတဲ့ တစ်ချက်မပါဘူး။ အာဆီယံလိုမျိုးက ကြားဝင်စေ့စပ်တာကို ကျွန်တော်တို့အနေနဲ့ ကြိုဆိုတယ်။ အဲဒီလို နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးရေးအပါအဝင် ကျွန်တော်တို့နိုင်ငံအခြေအနေနဲ့ ကိုက်ညီတဲ့ဖြေရှင်းနည်းဖြစ်ဖို့ ကြိုးပမ်းဆောင်ရွက်မှာဖြစ်ပါတယ်”ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဒုဥက္ကဌ ဖြစ်သူ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ခွန်မြင့်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မြန်မာနိုင်ငံအရေးဆောင်ရွက်ရန် အာဆီယံအထူးသံတမန်အဖြစ် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး (၂) HE Dato Erywan Pehin Yusof အား ခန့်အပ်ရန် ဩဂုတ်လ (၄) ရက်နေ့က သဘောတူပြီးနောက် အဆိုပါအထူးသံတမန်ခန့်အပ်ခြင်းကို ကြိုဆိုသည်ဟု တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများက သဘောထားထုတ်ပြန်လာခြင်းဖြစ်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် စစ်ကောင်စီက ၂၀၂၀ ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ခြင်းမှာ နိုင်ငံ၏ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို နောက်ပြန်ဆုတ်စေသည့်လုပ်ရပ်ဟု ဆိုထားပြီး နိုင်ငံအတွင်း လက်ရှိကြုံတွေ့နေရသည့် COVID 19 ကာကွယ်ထိန်းချုပ်ကုသရေးအတွက် အထောက်အကူပြုပစ္စည်းများ၊ ကာကွယ်ဆေးများ နယ်စပ်ဖြတ်ကျော် သယ်နိုင်ရေးကို နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်မည်ဟုလည်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။