ညီနောင်သုံးဖွဲ့က ငြိမ်းချမ်းရေးလိုလားကြောင်း ပြသမှသာ ဆွေးနွေးမည်ဟု စစ်ခေါင်းဆောင်ပြော 

ညီနောင်သုံးဖွဲ့က ငြိမ်းချမ်းရေးလိုလားကြောင်း ပြသမှသာ ဆွေးနွေးမည်ဟု စစ်ခေါင်းဆောင်ပြော 

မြောက်ပိုင်း ညီနောင်မဟာမိတ်(၃)ဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးကိုလိုလားကြောင်း ရှင်းလင်းပြတ်သားသည့် လုပ်ဆောင်ချက်ပြသလာမှသာ ဆွေးနွေးမှုကို ဆောင်ရွက်နိုင်မည်ဟု တရုတ်နိုင်ငံသို့‌ရောက်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

စစ်ခေါင်းဆောင်နှင့် တရုတ်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiangတို့ ကူမင်းမြို့၌ ယနေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၆)ရက်နေ့ တွေ့ဆုံမှုတွင် စစ်ခေါင်းဆောင်က ယင်းသို့ပြောဆိုခြင်းဖြစ်သည်။

"ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားပါက မိမိတို့အနေဖြင့် ငြိမ်းချမ်းရေး တံခါးကိုအမြဲဖွင့်ထားပြီး ဆွေးနွေးရန် အသင့်ရှိပါကြောင်း၊ လက်နက်ကိုင်အကြမ်းဖက်သမားများအနေဖြင့် ဖြစ်လိုသည်ကို ရှေ့တန်းတင်မည့်အစား ဖြစ်သင့်သည်ကို လုပ်ဆောင်ကြရန်လိုကြောင်း၊ MNDAA၊ TNLA နှင့် AAအဖွဲ့သုံးဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးကို လိုလားကြောင်း ရှင်းလင်းပြတ်သားသည့် လုပ်ဆောင်ချက်ပြသလာမှသာလျင် မိမိတို့အနေဖြင့်ဆွေးနွေးမှုကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။"ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။ 

ထို့အပြင် အပစ်အခတ်ရပ်စဲရေး ကြေညာထားသည့်ကာလအတွင်း လက်နက်ကိုင်အဖွဲ့များက တိုက်ခိုက်မှသာ တပ်မတော်မှ တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းများကို ဆောင်ရွက်ခဲ့သည်ဟုလည်း စစ်ခေါင်းဆောင်က ဆိုသည်။ 

MNDAA ၊ TNLA နှင့် AA အဖွဲ့များကို စစ်ခေါင်းဆောင်က သောင်းကျန်းသူအဖွဲ့များဟု သုံးနှုန်းပြီး ၂၀၂၂ ခုနှစ်၊ ဧပြီလက ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကိုငြင်းပယ်ကာ MNDAA အနေဖြင့် ၎င်းတို့၏ အထူးဒေသ (၁) ပြန်လည်အသက်သွင်းနိုင်ရေး လုပ်ဆောင်သည်ဟုလည်း ပြောဆိုခဲ့သည်။ 

MNDAA သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နယ်စပ်ဒေသတွင်ရှိသည့် စစ်ကောင်စီတပ်စခန်းများနှင့် ချင်းရွှေဟော်မြို့တို့ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇)ရက်နေ့တွင် အင်အားသုံးစတင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ 

တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိခဲ့သော်လည်း ၎င်းတို့အနေဖြင့် သဘောတူညီချက်ကို ချိုးဖောက်ကာ မြို့ရွာများကို ဆက်လက်တိုက်ပွဲဖော်ဆောင်ခဲ့သည်ဟု ဆက်ပြောသည်။ 

 

ထို့အပြင် နယ်စပ်ဒေသရှိ လက်နက်ကိုင်များ၏ အထောက်အပံ့များဖြစ်သည့် တရားမဝင်လုပ်ငန်းများ၊ တရားမဝင်ကုန်သွယ်မှုများကို တိုက်ဖျက်ရှင်းလင်းဆောင်ရွက်ရမည်ဖြစ်ဟုလည်း စစ်ခေါင်းဆောင်က တရုတ်ကိုပြောဆိုခဲ့သည်။

#TachileikNewsAgency

Photo: တရုတ်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ ယနေ့ နေ့လယ်ပိုင်းတွင် ကူမင်းမြို့၌ တွေ့ဆုံခဲ့စဥ်