သံတွဲမြို့မျက်နှာဖုံး၏သား ဗိုလ်မှူးတစ်ဦး လားရှိုးတိုက်ပွဲတွင် စနိုက်ပါထိမှန်သေဆုံး

သံတွဲမြို့မျက်နှာဖုံး၏သား ဗိုလ်မှူးတစ်ဦး လားရှိုးတိုက်ပွဲတွင် စနိုက်ပါထိမှန်သေဆုံး

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ရခိုင်ပြည်နယ် သံတွဲမြို့မျက်နှာဖုံး၏သားဖြစ်သူ ဗိုလ်မှူးတစ်ဦး စနိုက်ပါထိမှန် သေဆုံးကြောင်း ၎င်းနှင့်နီးစပ်သူများထံမှ သိရသည်။

၂၀၂၄ခုနှစ် ဇူလိုင်လ (၂၅)ရက်နေ့တိုက်ပွဲတွင် သံတွဲမြို့ဇာတိ ဗိုလ်မှူးအောင်ထွန်းလင်းဆိုသူ သေဆုံးသွားခြင်းဖြစ်ပြီး ၎င်းသည် သံတွဲမြို့ မျက်နှာဖုံး ဦးဇော်သိန်း(ခ)ဦးချိုကြီးနှင့် ဒေါ်တင်အေးတို့၏ သားကြီးဖြစ်ပြီး သားငယ်ဖြစ်သူ (ငယ်အမည် သာဗြဲ)မှာလည်း စစ်ဆေးဆရာဝန်တစ်ဦးဖြစ်သည်။

“လားရှိုးတိုက်ပွဲမှာကျတာ။ သူက (၂၀၀၀)ခုနှစ်ဝန်းကျင်မှာ ဆယ်တန်းအောင်ပြီး စစ်တပ်ထဲရောက်တာ။ ဦးချိုကြီးမှာ အခုသေတာက သားအကြီးပေါ့။ သားအငယ်လည်း စစ်တပ်ထဲမှာ စစ်ဆေးဆရာဝန်လို့တော့ သိရတယ်။ သားအငယ်က ရွှေကျောင်းပြင်ရွာသူတစ်ဦးနဲ့ အိမ်ထောင်ကျနေတာ။”ဟု ဗိုလ်မှူးအောင်ထွန်းလင်းနှင့် နီးစပ်သူတစ်ဦးက Tachileik News Agency ကိုပြောသည်။

ဦးဇော်သိန်း(ခ)ဦးချိုကြီးနှင့် ဒေါ်တင်အေးတို့သည် မြို့မျက်နှာဖုံးများဖြစ်ကြပြီး ၂၀၀၀ ခုနှစ်ဝန်းကျင်တွင် သံတွဲမြို့၌ နှစ်ထပ်ရုပ်ရှင်ရုံကို တည်ထောင်နိုင်သူဖြစ်ခဲ့ပြီး လက်ရှိတွင်လည်း ဒွါရာဝတီအမြန်ယာဉ်လိုင်းထောင်ကာ ရန်ကုန်-သံတွဲကိုပြေးဆွဲနေသည်။

“အရင်က ရဲစခန်းနားက အစိုးရပိုင် သိန်းရုပ်ရှင်ရုံဆိုတာရှိတယ် အစိုးရက ရှုံးလို့လေလံပစ်တော့ သူတို့က လေလံအောင်ပြီး ပိုင်သွားတယ်။ နောက်ပိုင်း အဲဒီရုပ်ရှင်ရုံကို ပွဲရုံလုပ်ပြီး ဒွါရာဝတီယာဉ်လိုင်းကိုလည်း ထောင်တယ်။ အရင်က အဲဒီယာဉ်လိုင်းက လူတင်တယ်။ အခုတော့ ကုန်တင်တာအဆင်ပြေလို့ ကုန်လည်းတင်တယ်။ မြို့မှာဆိုရင် ချမ်းသာတဲ့သူတွေပေါ့။ သူ့သားသေတာ အလောင်းပြန်မရဘူးလို့တော့ သိရတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ဗိုလ်မှူး အောင်ထွန်းလင်းသေဆုံးသည့် ဇူလိုင်လ(၂၅)ရက်နေ့တွင် MNDAAက (၂၃)ရက်ကြာ တိုက်ပွဲများဖြစ်ပွားပြီးနောက် MNDAAမှ လားရှိုးမြို့ အရှေ့မြောက်စစ်ဒေသဌာနချုပ်ကို လုံးဝသိမ်းပိုက်နိုင်ခဲ့ပြီး လားရှိုးမြို့ကို လုံး၀လွတ်မြောက်ကြောင်း ကြေညာခဲ့သည်။ 

သံတွဲမြို့သည် မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့အနက် အာရက္ခတပ်တော်(AA)က ထိန်းချုပ်ထားပြီဖြစ်သည့် မြို့ဖြစ်ပြီး လားရှိုးမြို့မှာလည်း စစ်ကောင်စီတပ်များကို တိုက်ခိုက်၍ ကိုးကန့်တပ်ဖွဲ့ MNDAAက ထိန်းချုပ်ထားသည့်မြို့ဖြစ်သည်။

“သံတွဲမှာအဲဒီလို သေမယ့်စစ်ကောင်စီတပ်သားတွေ အများကြီးရှိသေးတယ်။ ဘာလို့ဆိုတော့ သံတွဲမြို့က စစ်တပ်ဆီကိုဝင်တဲ့သူမနည်းဘူး။”ဟု ဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။

သံတွဲမြို့သည်လည်း စစ်ကောင်စီလက်အောက်မှ အလုံးစုံ မလွတ်မြောက်သေးဘဲ ကျန်ရှိနေသည့် ကွင်းဝိုင်းရေတပ်စခန်းကို AA က ဆက်လက်ထိုးစစ်ဆင်နေသည်။

#TachileikNewsAgency