မြစ်ဆုံစီမံကိန်း ပြန်စလိုသည့်စကား စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြော

မြစ်ဆုံစီမံကိန်း ပြန်စလိုသည့်စကား စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြော
သြဂုတ် 9, 2023 | 2021 Military Coup

လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းကြီးများ ရပ်တန့်ခဲ့ရသဖြင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရှိနေခြင်းဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယမန်နေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၈)ရက်နေ့က ၎င်း၏ အစိုးရအဖွဲ့ဝင်များနှင့်တွေ့ဆုံစဉ် ပြောကြားလိုက်ကြောင်း သိရသည်။

၎င်းက လွန်ခဲ့သည့်ဆယ်စုနှစ်ခန့်က အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းကြီးများမှာ အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ခဲ့ရကြောင်း၊ အဆိုပါလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မည်ဆိုပါက ယခုအချိန်တွင် မိမိတို့နိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို များစွာဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ပြောဆိုသည်။

ထို့ကြောင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ မိမိတို့အစိုးရအတွက် စိန်ခေါ်မှုတစ်ရပ် အနေဖြင့်ရှိသဖြင့် လတ်တလောဆောင်ရွက်နိုင်သည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် လေအားဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ စပါး ခွံသုံးဓာတ်ငွေ့လောင်စာအသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားများ လုံလောက်စွာရရှိမှသာ ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောဆိုသည်။

ထို့အပြင် ရိက္ခာဖူလုံမှုရှိစေရေး၊ လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန်စေရေး၊ ပညာရည်မြင့်မားစေရေး၊ သက်ရှည်ကျန်းမာမှုရှိစေရေးနှင့် လျှပ်စစ် ဓာတ်အား လုံလောက်စွာ ရရှိစေရေးတို့ကို မိမိတို့အစိုးရအနေဖြင့် အဓိကဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည်ဟုလည်း ပြောဆိုသည်။

၎င်းက နိုင်ငံတစ်ခုတွင် လျှပ်စစ်ဓာတ်အားများ လုံလောက်စွာရရှိနေရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များ ရှိနေသေးပြီး ယခုအချိန်အထိ နိုင်ငံ လိုအပ်ချက်၏ (၅၀)ရာခိုင်နှုန်းကိုပင် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးသည်ကို တွေ့ရှိရကြောင်း ဆက်လက်ပြောဆိုသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ပြောကြားချက်များတွင် ‘မြစ်ဆုံ’ဟု မဖော်ပြခဲ့သော်လည်း လွန်ခဲ့သည့် ဆယ်စုနှစ်ခန့်ဟု သုံးနှုန်းထားခြင်းမှာ မြစ်ဆုံစီမံကိန်းကို ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရှိနိုင်သည်။

#TachileikNewsAgency