မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၁ခုနှစ်၏ ပထမလအထိ လျှပ်စစ်ဓါတ်အား လွှမ်းခြုံနိုင်မှု ၄၈ ဒသမ ၅၂ ရာခိုင်နှုန်းရှိ

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၁ခုနှစ်၏ ပထမလအထိ လျှပ်စစ်ဓါတ်အား လွှမ်းခြုံနိုင်မှု ၄၈ ဒသမ ၅၂ ရာခိုင်နှုန်းရှိ
ဇန်နဝါရီ 29, 2021 | အခြားဒေသများ

မကွေးတိုင်းဒေသကြီး၏ လျှပ်စစ်ဓါတ်အား လွှမ်းခြုံနိုင်မှုမှာ ၂၀၂၀ခုနှစ် သြဂုတ်လအထိ (၃၅) ရာခိုင်နှုန်းကျော်သာ ရှိခဲ့သော်လည်း NEP စီမံကိန်းများ ကာလတိုအတွင်း အောင်မြင်ခဲ့ခြင်းကြောင့် ၂၀၂၁ခုနှစ် ဇန်နဝါရီ လတွင် (၄၈ ဒသမ ၅၂) ရာခိုင်နှုန်းထိ တိုးတက်လာကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်ချေးငွေနဲ့ နိုင်ငံတစ်ဝန်းမှာ (National Electrification Project-NEP) အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေးစီမံကိန်းတွေ လုပ်ဆောင်နေပါတယ်။ မကွေးတိုင်းအတွင်းက ရွာပေါင်း (၁၀၅၀)ကို  လျှပ်စစ်မီးရရှိအောင်ဆောင်ရွက်ပေးနေတာပါ

ဟု မကွေးတိုင်းလျှပ်စစ်အင်ဂျင်နီယာ ဦးထောင်းဇိုခိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျေးရွာများ လျှပ်စစ်မီးရရှိနိုင်ရေးအတွက် နိုင်ငံတော်မှလုပ်ဆောင်ပေးနေသည့် အဆိုပါ စီမံချက် အမြန်ဆုံး အကောင်အထည်ဖော် အောင်မြင်နိုင်စေရန် မီးမရသေးသော ကျေးရွာများအတွက် မီးချိတ်ဆက်ရာ၌ ဖြတ်သန်းရသည့်ကျေးရွာများမှ သဘောတူပေးစေလိုကြောင်းနှင့် ကျေးလက်လမ်း ၊ လမ်းဦးစီးနယ်နိမိတ်အစပ်များ၌ မီးတိုင်စိုက်ရာတွင်လည်း သက်ဆိုင်ရာဌာနများနှင့် လယ်ယာပိုင်ရှင်များက နားလည် စွာဖြင့် ခွင့်ပြုပေးစေလိုကြောင်း ၎င်းက ပြောကြားထားသည်။ 

အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေးစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၉ ခုနှစ်က စတင်ခဲ့ ခြင်းဖြစ်ရာ Phase(1) တွင် ကျေးရွာပေါင်း(၆၆၄)ရွာရှိသည့်အနက် ရွာပေါင်း (၅၃၀) ပြီးစီးခဲ့ကာ ကျန်ရွာများမှာ မြေယာကန့်ကွက်မှုအချို့နှင့် ချောင်းကျော်များရှိနေ၍ လုပ်ငန်းနှောင့်နှေးနေခြင်းဖြစ်ကြောင်း သိရပြီး Phase(2) တွင်ပါရှိသော ကျေးရွာ(၃၈၆)ရွာ အတွက်လည်း တင်ဒါအောင်သည့်ကုမ္ပဏီမှ ဆာဗေးဆင်းနေပြီဖြစ်ကြောင်း သိရသည်။

National Electrification Project တွင် လက်ရှိဓါတ်အားလိုင်းမှ (၂)မိုင် နှင့် (၃)မိုင်အတွင်းရှိကျေးရွာများ ကို NEP Phase(1) ၊ (၃)မိုင် နှင့် (၅)မိုင် ကြားရှိ ကျေးရွာများကို NEP Phase(2) ဟု သတ်မှတ်လုပ် ဆောင်ပေးနေခြင်းဖြစ်ပြီး Phase (1)စီမံချက်၌ ကျေးရွာပေါင်း (၆၆၄) ရွာ ၊ Phase (2)တွင် ကျေးရွာ ပေါင်း (၃၈၆) ရွာ ပါဝင်ကြောင်း သိရသည်။

Tachileik News Agency

သတင်း - ဖီးနစ်



 

ဖီးနစ်သည် Tachileik News Agency ၏ မကွေးတိုင်းဒေသကြီးအတွင်းအခြေစိုက်သည့် အကြီးတန်းသတင်းထောက်...