မကွေးတိုင်းဒေသကြီးအတွင်း မကွေးမြို့ပေါ်ရှိ ရပ်ကွက်အသီးသီး၏ လမ်းများကို ၂၀၂၅ခုနှစ်အတွင်း (၈၀) ရာခိုင်နှုန်းခန့် ကွန်ကရစ်လမ်းများအဖြစ် ခင်းပေးနိုင်ရန် မကွေးမြို့နယ်စည်ပင်သာယာရေးကော်မတီက မျှော်မှန်းလုပ်ဆောင်နေကြောင်း သိရသည်။
မကွေးမြို့ပေါ်ရှိ အဓိက မိန်းလမ်းမကြီးများအား နိုင်လွန်ကတ္တရာလမ်းခင်းနိုင်ခဲ့၍ သွားလာရေးအတွက် အဆင်ပြေ ချောမွေ့နေပြီဖြစ်သော်လည်း ရပ်ကွက်အသီးသီးရှိ လမ်းကြားလမ်းသွယ်များမှာ ဆိုးဝါးနေသဖြင့် စည်ပင်နှင့် ပြည်သူ ပူးပေါင်းကာ ၂၀၁၇-၁၈ခုနှစ် မှ စတင်ပြီး ကွန်ကရစ်ခင်းလမ်းများဖြစ်ပေါ် လာစေရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
မကွေးမြို့ပေါ်က အဓိက မိန်းလမ်းမကြီးတွေ ကောင်းမွန်လာသလို လမ်းကြား၊ လမ်းသွယ်တွေလည်း အချိန်တိုအတွင်း ကောင်းမွန်လာစေဖို့အတွက် မကွေးမြို့နယ်စည်ပင်သာယာရေးကော်မတီအနေနဲ့ ပြည်သူနဲ့ပူးပေါင်းလုပ်ဆောင်နိုင်ရင် အောင်မြင်နိုင်မယ်လို့ ယုံကြည်ပြီး လုပ်ခဲ့တာ အားရစရာကောင်း လောက်အောင်ကိုပဲ အောင်မြင်ခဲ့ပါတယ်
ဟု မကွေးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးဖိုးနီ က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
စည်ပင်မှ (၆၀)ရာခိုင်နှုန်း၊ ပြည်သူ (၄၀)ရာခိုင်နှုန်း ထည့်ဝင်သည့်စနစ်ဖြင့် ၂၀၁၇-၂၀၁၈ ခုနှစ်မှစတင်၍ လမ်းကြား (၃)ခုကို ခင်းနိုင်ခဲ့ပြီး ၂၀၁၈-၂၀၁၉ခုနှစ် တွင် လမ်းပေါင်း (၄၃)လမ်း၊ ၂၀၁၉-၂၀၂၀ခုနှစ် တွင် လမ်းပေါင်း (၇၇)လမ်း ခင်းနိုင်ခဲ့သဖြင့် (၃)နှစ်အတွင်း လမ်းကြားပေါင်း (၁၂၀) ကျော် ခင်းနိုင်ခဲ့ပြီဖြစ်ကြောင်းလည်း သိရသည်။
ရပ်ကွက်အတွင်းရှိ အချို့သောလမ်းများမှာ Public Area များ ပါရှိနေသောကြောင့် လမ်းသူလမ်းသားများအနေဖြင့် (၄၀)ရာခိုင်နှုန်း ထည့်ဝင်နိုင်ရန် အခက်အခဲနှင့် ကြုံတွေ့ရသည်ကို စည်ပင်ကော်မတီက အဆင်ပြေအောင် ဆောင်ရွက်ပေးရသည်မျိုးလည်း ရှိသည်ဟု ဆိုသည်။
ဈေး၊ ကျောင်း၊ ဌာနဆိုင်ရာ၊ ဆေးရုံ အစရှိတဲ့ Public Area မျက်နှာစာတွေ ပါရှိနေတဲ့ လမ်းတွေက လမ်းသူလမ်းသားတွေအနေနဲ့ ရာခိုင်နှုန်းအပြည့်ထည့်ဝင်နိုင်ဖို့ အခက်အခဲ ရှိနေတာကြောင့် စည်ပင်က (၈၀)ရာခိုင်နှုန်း၊ ပြည်သူက (၂၀)ရာခိုင်နှုန်း ထည့်ဝင်ဖို့ ဆုံးဖြတ်ဆောင်ရွက်ပေးရတာမျိုးလည်း ရှိပါတယ်
ဟု မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးဖိုးနီက ပြောသည်။
ထို့ပြင် ရပ်ကွက်အတွင်း လမ်းကြားများသာမက လမ်းသွယ်လေးများပါ ကောင်းမွန်လာစေရေးအတွက် စည်ပင် (၇၀)ရာခိုင်နှုန်း၊ ပြည်သူ (၃၀)ရာခိုင်နှုန်းထည့်ဝင်သည့် စနစ်ဖြင့် ဆောင်ရွက်ပေးလျှက်ရှိ နေကြောင်း သိရပြီး ၂၀၂၀-၂၀၂၁ တွင် ကိုဗစ်ကာလဖြစ်၍ ပြည်သူအများစု၏ စီးပွားရေးထိခိုက်မှုရှိနေသည့်တိုင် လမ်းကြား (၈၀)ခန့် ကွန်ကရစ်လမ်းခင်းပေးနိုင်ရန် လျှောက်ထားမှုများရှိနေကြောင်း သိရသည်။
၂၀၂၀-၂၁ ဘတ်ဂျက်အပါအဝင်ဆိုပါက တစ်မြို့လုံး အတိုင်းအတာအနေဖြင့် ကွန်ကရစ်လမ်းခင်းကျင်း မှု (၃၅)ရာခိုင်နှုန်းခန့် ပြီးစီးမည်ဖြစ်ရာ ၂၀၂၀-၂၀၂၅ ခုနှစ်အတွင်း အစိုးရဘက်မှ ဆက်လက်ပံ့ပိုး သွားမည်ဆိုပါက (၈၀)ရာခိုင်နှုန်းခန့် ခင်းကျင်းနိုင်မည်ဟု မျှော်မှန်းကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဖီးနစ်
ဓာတ်ပုံ- ဖီးနစ် ၊ မကွေး စည်ပင်